ပဲခူးအနောက်ခြမ်းမှာ စစ်တပ်က ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်

ပဲခူးအနောက်ခြမ်းမှာ စစ်တပ်က ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်

ပဲခူးတိုင်းအနောက်ခြမ်းမှာ မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ မင်းလှPDF ယာယီစခန်းနဲ့အနီးတဝိုက်နေရာတွေကို နိုဝင်ဘာ ၃၀ ရက် မနေ့မနက်အစော ၄ နာရီကျော်မှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ လှည့်ပတ်ပစ်ခတ်သွားတယ်လို့ မင်းလှPDF တပ်ဖွဲ့ထံက သိရပါတယ်။ 

စစ်ကောင်စီလေတပ် တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ၅ မိနစ်ကြာလှည့်ပတ်ပစ်ခတ်ခဲ့တာဖြစ်ပြီး ရဟတ်ယာဉ်အသံကြားရချိန် ကြိုတင်ရှောင်နိုင်ခဲ့လို့ တပ်ဖွဲ့ဝင်တွေထိ ခိုက်မှုမရှိခဲ့သလို ယာယီစခန်းအဆောက်အဦတွေလည်း ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

“အရှေ့ဘက်ကနေ ရဟတ်ယာဉ်သံကြားတော့ လတ်တလောတော့ ကြောက်သွားတာ။ ကျနော်တို့လည်း AK နဲ့ပြန်ပစ်တာပေါ့။  သူတို့(ရဟတ်ယာဉ်)ကလည်း ၅ မိနစ်လောက်ပစ်ပြီး လှည့်ပြန်သွားတယ် “လို့ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့လယ် ၁၁ နာရီလောက်က မင်းလှ-မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်း၊ ခါချဥ်တောင်ပတ်ကွေ့ကြီးအဆင်း ရှောက်ပင်ချောင်းအနီး ကင်းပုန်းဝပ်နေတဲ့ အင်အား ၁၀  ဦးခန့် စစ်သားတွေကို PDF တွေဘက်က တိုက်ခိုက်ခဲ့ပြီးတဲ့နောက် တရက်အကြာမှာ ရဟတ်ယာဉ်နဲ့တိုက်ခိုက်မှုပြုလုပ်ခဲ့တာပါ။

ပဲခူးတိုင်းအနောက်ခြမ်း ပဲခူးရိုးအစပ်နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေအကြား မြေပြင်တိုက်ပွဲတွေ မကြာခဏထိတွေ့ဖြစ်ပွားနေပေမယ့် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးတာနဲ့ လေကြောင်းတိုက်ခိုက်တာတွေမရှိခဲ့ဘဲ အခုတိုက်ခိုက်မှုဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ စစ်ကောင်စီတပ် တောင်ငူလေတပ်စခန်းဌာနချုပ်တည်ရှိပြီး ပဲခူးတိုင်းနဲ့ နယ်မြေထိစပ်နေတဲ့ ရန်ကုန်တိုင်းအတွင်းမှာလည်း မှော်ဘီ၊ မင်္ဂလာဒုံလေတပ်စခန်းတွေတည်ရှိကာ လာရောက်ပစ်ခတ်တဲ့ ရဟတ်ယာဉ်ရဲ့ လာရာတပ်စခန်းကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ PDF တာဝန်ခံက ပြောပါတယ်။ 

နိုဝင်ဘာာ ၂၄ ရက်ကလည်း  ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးရိုးမအစပ်က စစ်ကောင်စီတပ်တွေ မီးရှို့ ဖျက်ဆီးထားတဲ့  ပုစွန်ဆိတ်ဆင်ဝိုင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF)က နယ်မြေရှင်းလင်းရေးနဲ့  ကင်းလှည့်သွားချိန်  ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ထိတွေ့မှုဖြစ်ပွားခဲ့ပါသေးတယ်။

ပုံစာ - စစ်ကောင်စီလေတပ်သုံး Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် (ပုံဟောင်း)။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူးအနောက်ခြမ်း #မင်းလှ #ပဲခူးရိုးမ #လေကြောင်းတိုက်ခိုက်မှု #ပထမဆုံးအကြိမ် #PDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10