ပဲခူးအနောက်ခြမ်းမှာ စစ်တပ်က ပေါ်တာအဆွဲကြမ်းနေ

ပဲခူးအနောက်ခြမ်းမှာ စစ်တပ်က ပေါ်တာအဆွဲကြမ်းနေ

ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ နေ့ခင်းဘက်တွေပါ ပေါ်တာဆွဲဖမ်းဆီးမှု အများအပြားရှိလာနေလို့ ဒေသခံတွေ ထိတ်လန့်နေရတယ်လို့ သိရပါတယ်။

သြဂုတ်၂၅ရက် ည ၇နာရီခန့်မှာ ပြည်မြို့တမြို့လုံးနီးပါး မီးဖြတ်ကာ ဖောကားတစီးစာ လူတွေဖမ်းဆီးခေါ်ဆောင်ခံရပြီး ဖမ်းဆီးခံရသူတွေအနက် နဝင်း၊ ရွှေလက်လှရပ်ကွက်တွေက အများအပြားပါဝင်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ လူတွေဂုတ်ကို သေနတ်နဲ့ထုပြီး ဖမ်းခေါ်သွားတာ။ လွတ်လာတဲ့သူက ဘယ်သူ့အမျိုးပါလို့ တာဝန်ရှိသူကိုပြောတော့ လွတ်လာတာတဲ့။ သူ့မှာလည်း သေနတ်နဲ့ထုထားတာ ရောင်ရမ်းနေတာပဲ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်မြို့၊ ကြည်သာအေးမြဘုန်းကြီးကျောင်းအနောက် အေးမြသာယာထဲက လူငယ် ၂ ဦးနဲ့ အောင်သီရိရပ်ကွက်က လူငယ် ၂ ဦးကို ဩဂုတ် ၂၆ ရက်က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

“ မြို့သစ်မှာတော့ မနက် ၆ ည ၆ မာရှယ်လောထုတ်ထားလို့ ဘယ်သူမှမထွက်ရဲကြဘူး။ မြို့ထဲမှာတော့ ညဘက်နဲ့ညဉ့်နက်ဘက်ထွက်တဲ့သူတွေကို တွေ့တဲ့နေရာမှာ ဖမ်းပါတယ်။ မာရှယ်လောမထုတ်ဘဲ ဖမ်းတာပါ။” လို့ နောက်ထပ် ပြည်မြို့ခံတဦးကလည်း ပြောပါတယ်။

အခုရက်ပိုင်းမှာပဲ ပြည်ခရိုင်အတွင်းရှိ ပေါင်းတလည်၊ ပေါက်ခေါင်းဒေသတွေမှာ လူ ၁ ဒါဇင်နီးပါး ပေါ်တာဆွဲဖမ်းဆီးခံရပြီး ချောင်းခြားရွာနဲ့ ကံမကြီးရွာက ၃ ဦးပါဝင်တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ဆိုပါတယ်။

အလားတူ သာယာဝတီခရိုင်ထဲက မြို့နယ်တွေမှာလည်း အခုလနောက်ဆုံးပတ်အတွင်းက စတင်ကာ စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဩဂုတ်၂၃ ရက်က နတ်တလင်းမြို့ အရုဏ်ဈေးမှာ အမျိုးသား ၂ ဦးကို စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး၊ ဩဂုတ် ၂၇ ရက်ကလည်း နတ်တလင်းမြို့  ရန်ကုန် - ပြည်လမ်း ခိုင်သီတာအသုတ်ဆိုင်အရှေ့မှာ လူငယ်တဒါဇင်ထက်မနည်းကို စစ်အုပ်စုကစောင့်ဖမ်းခဲ့ကာ၊ ဩဂုတ် ၂၈ ရက်  ဒီမနက်ကလည်း နတ်တလင်းမြို့ အိုးမြေတွင်းရွာမလမ်းထိပ်မှာ လက်သမားလုပ်ဖို့သွားတဲ့ လူငယ် ၂ ဦးထက်မနည်းကို ဖမ်းဆီးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတချို့က ပြောပါတယ်။

“ ဒီမနက် ပျူတွေက စစ်ဝတ်စုံဝတ်ထားတယ်။ မျက်လုံးတခုဘဲချန်ပြီး မျက်နှာတွေကို အဝတ်အပြည့်စွပ်ပြီး ဖမ်းနေတာ။”လို့ တွေ့ရှိသူ နတ်တလင်းဒေသခံတဦးက ပြောပါတယ်။ 

ဒါ့အပြင် မင်းလှမြို့နယ်အတွင်းမှာလည်း နေ့ခင်းဘက်တွေမှာပါ ဖမ်းဆီးတာတွေလုပ်ဆောင်နေလို့ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတချို့လည်း အလုပ်ရပ်နားထားကြတယ်လို့ သာယာဝတီခရိုင်အတွင်း ဒေသခံတဦးက ပြောပါတယ်။

“ မင်းလှဘက်ဆိုရင် ညဘက်တွေမှာ မြွေအန္တရာယ်ကြားထဲ တောထဲမှာ သွားအိပ်ရတယ်။” လို့ အထက်ပါဒေသခံက ပြောပါတယ်။

အင်အားချိနဲ့လာတဲ့ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေနဲ့ လူသစ်စုဆောင်းတာအပြင် အခုလို လမ်းမှာတွေတဲ့အရပ်သားတွေကို ထင်သလိုဖမ်းဆီးတာနဲ့ နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးကာ အဓမ္မစစ်မှုထမ်းဆောင်ခိုင်းနေတာလည်း ဖြစ်ပါတယ်။

ပုံစာ - ပဲခူးအနောက်ခြမ်း ပြည်မြို့က စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပြည်ခရိုင် #သာယာဝတီခရိုင် #ပေါ်တာဆွဲ #ဖမ်းဆီးမှု #အဓမ္မစစ်မှုထမ်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10