ပဲခူးအနောက်ခြမ်းမှာ နွေစပါးအသစ် ကျပ် ၁၆ သိန်းကျော်လောက်သာ ပေါက်ဈေးရှိ

ပဲခူးအနောက်ခြမ်းမှာ နွေစပါးအသစ် ကျပ် ၁၆ သိန်းကျော်လောက်သာ ပေါက်ဈေးရှိ

ပဲခူးတိုင်းအနောက်ခြမ်းမှာ မိုးစပါးအပြီးစိုက်ပျိုးခဲ့တဲ့ နွေစပါးခင်းတွေကို မေလဆန်းကစတင်ကာ ရိတ်သိမ်းစပြုနေပြီဖြစ်ရာ တင်း ၁၀၀ ကို ကျပ် ၁၆ သိန်းခွဲဝန်းကျင်နဲ့သာ အရောင်းအဝယ်ဖြစ်နေတယ်လို့  ဒေသခံလယ်သမားတွေဆီက သိရပါတယ်။

စပါးအစိုဓါတ်နဲ့ အစိမ်းသီး(မရင့်မှည့်သေးတဲ့စပါး)ပါဝင်မှု အနည်းအများပေါ်မူတည်ပြီး ဈေးနှုန်းအနည်းငယ်ကွာခြားမှုရှိကာ ရိတ်သိမ်းအပြီး လယ်ကွင်းအတွင်းမှာပဲရောင်းဝယ်နေကြတာလို့ ဆိုပါတယ်။

” နွေစပါးတင်းတရာကို ကျပ် ၁၆ သိန်းခွဲဆိုပေမယ့် အစိုဓါတ်များမယ် အစိမ်းသီးပါတာများမယ်ဆိုရင်တော့  တတင်းကို မူလပေါင် ၅၀ ကနေ ပွဲစားက ၁ ပေါင်ခွဲပိုယူတာမျိုးတွေတော့ရှိတယ်။ အခုရိတ်သိမ်းဆဲနွေစပါးတွေက မိုးမမိတော့ လုပ်ကိုင်သူတွေရော ဝယ်သူ ၊ရောင်းသူတွေပါ  စိတ်ချမ်းသာနေရတယ်” လို့  ပေါင်းတည်မြို့ခံလယ်သမားတဦးက ဆိုပါတယ်။

နွေစပါးခင်းတွေမှာ ပေါင်းမြက်ကင်းစင်မှု၊ ဓါတ်မြေဩဇာပြည့်မီစွာထည့်သွင်းနိုင်မှုနဲ့ လိုအပ်သလို ဆည်ရေရရှိတဲ့အတွက် ရက် ၉ဝ နွေစပါး ၁ ဧကကို စပါး ၁၃၀ တင်းထွက်ရှိရာ လက်ရှိရိတ်သိမ်းပြီးစပါး ၂ ဧကခန့် (တင်း ၂၀၀ ကျော်)မှာ အမြတ်အစွန်းရရှိပြီး ဆက်လက်ရိတ်သိမ်းဖို့ ကျန်နေသေးတယ်လို့  သူကဆက်ပြောပါတယ်။

စပါး  ၁ ဧကကို ခြွေ‌‌လှေ့စက်နဲ့ ရိတ်သိမ်းခ ကျပ်တသိန်းတသောင်း ဈေးပေါက်ပြီး၊ ရိတ်သိမ်းပြီးစပါးတွေကို  ကားလမ်းပေါက်တဲ့နေရာအထိ သယ်ယူခ ၁ ဧက ကျပ်နှစ်သောင်းပေးရတယ်လို့  ဆိုပါတယ်။

ဒေသခံဆန်စက်ပိုင်ရှင်တဦးကလည်း ရိတ်သိမ်းပြီးစပါးတွေမှာ အစိုဓါတ်များတာကြောင့် စပါးကြိတ်စက်မှာ အဆင်သင့်ကြိတ်ခွဲနိုင်ဖို့ စပါးအခြောက်ခံစက်မှာ အခြောက်ခံရတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။

“အစိုဓါတ် အနည်းအများအပေါ်မှာမူတည်ပြီး စပါးခြောက်သွေ့သွားတဲ့အခါမှာ တင်း ၁၀၀ ကို စပါး ၁၅ တင်းကနေ ၁၇ တင်းအထိလျော့သွားတာမျိုးတွေရှိတယ်။ အကျိုးဆက်က စပါးရော၊ ဆန်သားရော ကြာရှည်အထားခံတယ်၊ ပျက်စီးမှုနည်းမယ်၊ ကြိတ်ခွဲရာမှာ အလေ့အလွင့်နည်းတယ်။ လိုချင်တဲ့ ဆန်သားနဲ့ အရောင်ကိုရတယ်” လို့ သူကဆိုပါတယ်။

နောက်ထပ်လယ်သမားတဦးကတော့ စပါးစျေး ၁၆ သိန်းကျော်နဲ့ ‌ရောင်းချရပေမယ့် ရွှေဈေးနဲ့ နှိုင်းယှဉ်ပါက အရှုံးပေါ်တယ်လို့  ဆိုပါတယ်။

”မနှစ်က နွေစပါးဈေးက ၁၅ သိန်းဝန်းကျင်ရှိတယ်။ အဲ့ဒီအချိန်မှာ ရွှေဈေးက ၁ ကျပ်သား သိန်း ၃၀ ဝန်း ကျင်မှာရှိတယ်။ အခုနှစ် စပါးဈေးက ကျပ် ၁၆ သိန်းကျော်ပေမယ့်  ရွှေဈေးက သိန်း ၅၀ ဖြစ်နေတယ်။ လယ်သမားဘက်က တွက်ရင်ရှုံးတယ်” လို့  ပြောပါတယ်။

လက်ရှိရွှေဈေးအရ စပါးတင်း ၁၀၀ ကို သိန်း ၂၀ ကျော်နဲ့ အနည်းဆုံးပေါက်ဈေးဖွင့်ရမှာဖြစ်ပြီး ၁၆ သိန်းနဲ့သာ အရောင်းအဝယ်ဖြစ်နေတဲ့အတွက် စပါးဈေးကျဆင်းနေတာ ဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ် မြန်မာနိုင်ငံရွှေပေါက်ဈေးဟာ သိန်း ၃၀ ကျော်အထက်မှာသာ ရှိခဲ့ရာကနေ ၂၀၂၄ မေလ ၂၀ ရက် ယနေ့ မြန်မာနိုင်ငံရွှေပေါက်ဈေးဟာ သိန်း ၅၀ ကျော်အထက်မှာရှိနေပြီး ရွှေဈေးအတက်ကြမ်းနေတဲ့အတွက် အခြားကုန်ဈေးနှုန်းများလည်း ဆက်တိုက်ဆိုသလို မြင့်တက်လာနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်တွေမှာ နွေစပါးကို ဆည်ရေနဲ့ စိုက်ပျိုးကြတာဖြစ်ပြီး ရက် ၉၀ နဲ့ GW 11 စတဲ့ စပါးမျိုးတွေကို စိုက်ပျိုးကြကာ လက်ရှိမှာလည်း ရိတ်သိမ်းနေဆဲလို့ သိရပါတယ်။

ပုံစာ - နွေစပါးရိတ်သိမ်းနေမှု မြင်ကွင်း။ (ပုံဟောင်း)

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#ပဲခူးတိုင်းအနောက်ခြမ်း #နွေစပါး #ရိတ်သိမ်းမှု #ကျပ်၁၆သိန်း #သတင်းတို #လူမှုစီးပွား #အထွက်နှုန်းများ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10