ပဲခူးအနောက်ခြမ်းမှာ ပထမဆုံးအကြိမ်အဖြစ် သုံးဆယ်မြို့ပေါ်ရဲစခန်း ကို တိုက်ခိုက်

ပဲခူးအနောက်ခြမ်းမှာ ပထမဆုံးအကြိမ်အဖြစ် သုံးဆယ်မြို့ပေါ်ရဲစခန်း ကို တိုက်ခိုက်

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ပေါ်က ရဲစခန်းတခုကို နိုဝင်ဘာလ ၂၀ ရက် မနေ့ညက တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 

သာယာဝတီမြို့ရဲ့တောင်ဘက် ၂ မိုင်အကွာက အင်အား ၃၀ ဦးလောက်ရှိတဲ့ သုံးဆယ်နယ်မြေ ရဲစခန်းအစောင့်ဂိတ်ကို မနေ့ည  ၉ နာရီကျော်က ပဲခူးတိုင်းနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 “ရဲစခန်း ကင်းစောင့်တဦးကိုပဲ တည်ချက်လုပ်ပြီး ပစ်ခဲ့တာပါ။ အဲ့ကောင်ကတော့ သေချာပေါက်သေမှာပါ” လို့ ဂဠုန်စစ်ဆင်ရေးတာဝန်ခံ ကိုတံခွန်က ပြောပါတယ်။ 

တိုက်ခိုက်ခံရချိန် ရဲစခန်းအတွင်း လှုပ်ရှားမှုမရှိတော့ပဲ တံခါးတွေနဲ့ မီးတွေပိတ်ကာ  တိုက်ခိုက်ရေးရဲဘော်တွေ ထွက်ခွာသွားပြီးမှသာ ပြန်လည်ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးအခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။  

တိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီတပ်သားတွေက သုံးဆယ်မြို့ပေါ်နဲ့ ရန်ကုန် - ပြည်လမ်း တလျောက်သွားနေတဲ့ ကားတွေကို လိုက်လံစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ကိုတံခွန်က ပြောပါတယ်။ 

အဲ့ဒီစစ်ဆင်ရေးကို သာယာဝတီဂဠုန်တပ်ဖွဲ့နဲ့ သာယာဝတီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပေါင်းကာ ရှမ်းမြောက်ညီနောက်သုံးဖော်ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို ဂုဏ်ပြုကြိုဆိုတဲ့ အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ ဆိုပါတယ်။ 

သုံးဆယ်မြို့ဟာ ပဲခူတိုင်းနဲ့  ရန်ကုန်တိုင်းအစပ် ရန်ကုန် - ပြည် မီးရထားလမ်းနဲ့ ကားလမ်းပေါ်မှာတည်ရှိကာ ရန်ကုန်မြို့နဲ့  ၇၅ မိုင်အကွာမှာ တည်ရှိတဲ့ မြို့တမြို့ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်  အခု သုံးဆယ်နယ်မြေရဲစခန်းကို လက်နက်ငယ်နဲ့ တိုက်ခိုက်မှုဟာ ပဲခူးတိုင်းအနောက်ခြမ်းမှာ ပထမဆုံးတိုက်ခိုက်မှု ဖြစ်တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ
#ပဲခူးတိုင်းအနောက်ခြမ်း #သာယာဝတီ #သုံးဆယ် #နယ်မြေရဲစခန်း #တိုက်ခိုက် #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10