ပဲခူးအနောက်ခြမ်းမှာ ပြည်သူ့စစ်အဖြစ် အဓမ္မစုဆောင်းခံရသူတွေကို စစ်သင်တန်းတက်ဖို့ ရှမ်းပြည်ကိုပို့

ပဲခူးအနောက်ခြမ်းမှာ ပြည်သူ့စစ်အဖြစ် အဓမ္မစုဆောင်းခံရသူတွေကို စစ်သင်တန်းတက်ဖို့ ရှမ်းပြည်ကိုပို့

ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်တွေကနေ ပြည်သူ့စစ်ထဲဝင်ဖို့ အဓမ္မခေါ်ယူထားတဲ့လူငယ်တွေကို  စစ်သင်တန်းတက်ဖို့အတွက် စစ်ကောင်စီအဖွဲ့တွေက ရှမ်းပြည်နယ်ကိုခေါ်သွားပြီလို့ ပြည်သူ့စစ်အဖြစ်စုဆောင်းခံထားရသူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရှမ်းပြည်ကို ခေါ်ဆောင်ခံရသူတွေဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းခရိုင်၊ ဇီးကုန်း၊ နတ်တလင်း၊ ‌ပေါင်းတည်နဲ့ သဲကုန်းမြို့နယ်ထဲကဖြစ်ပြီး သဲကုန်းမြို့နယ်၊ အင်းမမြို့အခြေစိုက် ခမရ ၅ တပ်မှာ ဧပြီ ၂၀ ရက်ကစတင်စုဆောင်းထားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

“ဘွဲ့ရလူငယ်တွေက ရှမ်းပြည်နယ်တောင်ပိုင်း ဗထူးတပ်မြို့က တိုက်ခိုက်ရေးလေ့ကျင့်ရေးကျောင်းမှာ စစ်သင်တန်းတက်ရမယ်။ ဘွဲ့မရသူတွေကတော့ ရှမ်းပြည်နယ်ထဲက တိုက်ခိုက်ရေး လေ့ကျင့်ရေးကျောင်းတွေကို ပို့ဆောင်မှာလို့ ပြောတယ်” လို့ ပြည်သူ့စစ်အဖြစ် စုဆောင်းခံထားရသူတဦးနဲ့ နီးစပ်သူအမျိုးသမီးတဦးက ပြောပါတယ်။ 

ဗထူးတပ်မြို့ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့မြောက်ဘက် တမိုင်ခန့်အကွာမှာရှိပြီး စစ်တပ်လေ့ကျင့်ရေးကျောင်းတွေအဖြစ် အမှတ် ၁ အရာခံနဲ့ အကြပ်ကြီးသင်ကျောင်း(ရကသ ၁)၊ တိုက်ခိုက်ရေးကျောင်း(ဗထူး)၊ ဗိုလ်သင်တန်းကျောင်း(OTS) စတဲ့တပ်တွေ တည်ရှိတဲ့မြို့လည်း ဖြစ်ပါတယ်။ 

လက်ရှိမှာ ဘွဲ့ရသူတွေဟာ စစ်သင်တန်း ၁ နှစ်တက်ရမှာဖြစ်ပြီး ဘွဲ့မရသူတွေက စစ်သင်တန်း ဘယ်လောက်တက်ရမယ်ဆိုတာတော့ မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့စစ်အဖြစ်စုဆောင်းခံရသူတွေကို ကိုယ်ပိုင်ဖုန်းတွေ ပေးမသုံးတော့ဘဲ စစ်တပ်ကဖုန်းတွေကိုသာ အသုံးပြုခိုင်းတယ်လို့  ဆိုပါတယ်။

နတ်တလင်းခရိုင်ထဲမှာ ပြည်သူ့စစ်အဖြစ် စုဆောင်းခံရသူဦးရေဟာ အနည်းဆုံး ၁၅၀ ဦးနဲ့ အထက်ရှိနိုင်ပြီး လာမယ့်မေ ၂၀ ရက်နောက်ပိုင်းမှာလည်း ထပ်မံခေါ်ယူမယ်လို့ သိရကြောင်း အထက်ပါအမျိုးသမီးက ပြောပါတယ်။ 

စစ်ကောင်စီဟာ စစ်မှုထမ်းဥပ‌ဒေကို အသက်သွင်းပြီး နိုင်ငံတဝှမ်းက လူငယ်ငါးထောင်ခန့်ကို စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ အတွက် စစ်သင်တန်းကျောင်း ၁၅ ကျောင်းကို ပို့ဆောင်ခဲ့တယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ပုံစာ -  ပဲခူးးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်က အဓမ္မပြည်သူ့စစ်စုဆောင်းခံရသူများ။ (ပုံဟောင်း) 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူးအနောက်ခြမ်း #စစ်မှုထမ်း #နတ်တလင်းခရိုင် #ပြည်သူ့စစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10