ပဲခူးအနောက်ခြမ်းမှာ မိုးရက်ဆက်ရွာနေလို့ ရိတ်ခြွေခဈေးတက်ပြီး စပါးဈေးကျဆင်း

ပဲခူးအနောက်ခြမ်းမှာ မိုးရက်ဆက်ရွာနေလို့ ရိတ်ခြွေခဈေးတက်ပြီး စပါးဈေးကျဆင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်းနဲ့ ပေါင်းတည်စတဲ့ မြို့နယ်တွေမှာ  အောက်တိုဘာလဆန်းကစကာ မိုးရက်ဆက်ရွာသွန်းနေလို့ ရိတ်သိမ်းကာနီး စပါးခင်းတချို့ လဲကျကုန်သလို မြေအစိုဓါတ်များနေတာကြောင့် စပါးရိတ်ခြွေခဈေးတက်သွားတယ်လို့ ပဲခူးအနောက်ခြမ်း လယ်သမားတွေဆီက သိရပါတယ်။

ပုံမှန်စပါးခင်းအတွက် ရိတ်ခြွေခ ၁ ဧက ကျပ် ၁ သိန်းနှုန်းကျသင့်ပေမယ့် လဲကျနေတဲ့ စပါးခင်းတွေအတွက်ရိတ်ခြွေခက ၁ ဧကကို ကျပ် ၁ သိန်း ၂ သောင်းကနေ ၁ သိန်း ၃ သောင်းအထိ စျေးပေါက်တယ်လို့ ပေါင်းတည်မြို့ခံလယ်သမားတဦးက ဆိုပါတယ်။

“ရိတ်ကာနီးစပါးတွေလဲတာ။ မိုးကလည်းတစိမ့်စိမ့်နဲ့ တပတ်လောက်ရွာတာလေ။ သယ်ရပြုရတာနဲ့ အလုပ်တွေ ပိုရှုပ်ပြီး ကုန်ကျစရိတ်များသွားတာပေါ့။ ဒီနေ့လည်း မိုးရွာနေလို့ စပါးရိတ်တာကို နားထားရတယ်” လို့ ပြောပါတယ်။

လယ်ကွက်အတွင်းလဲကျနေတဲ့ ရင့်မှည့်စပါးတွေကို အချိန်မီမရိတ်သိမ်းရင် စပါးတွေပျက်စီးတာ၊ အစို့ပေါက်တာတွေ ဖြစ်လာနိုင်လို့ ရိတ်ခြွေခဈေးများပေမယ့်လည်း ရိတ်သိမ်းတာတွေ လုပ်ဆောင်နေရတာလို့ လက်ပံတန်းမြို့ခံလယ်သမားတဦးက ပြောပါတယ်။

ဒါ့အပြင် မိုးဆက်တိုက်မရွာသွန်းမီ အောက်တိုဘာလဆန်းပိုင်းက ရိတ်ခြွေပြီး စပါးတင်း ၁၀၀ ကို ကျပ် ၁၃ သိန်း ၅ သောင်း ဈေးပေါက်ပေမယ့် လက်ရှိမိုးရွာချိန်ရိတ်သိမ်းရတဲ့စပါးတွေအတွက် ကျပ် ၁၂ သိန်းနဲ့သာ ရောင်းချနေရတယ်လို့ ဇီးကုန်းမြို့ခံ အမျိုးသမီးလယ်သမားတဦးက ပြောပါတယ်။

“ ခုချိန်ရိတ်တဲ့စပါး အစိုဓာတ်များတာကြောင့် စျေးလျော့သွားတာ“ လို့ ပြောပါတယ်။

ဒါ့အပြင် မိုးရက်ဆက်ရွာနေလို့ စိုက်ခြံအတွင်း ရေဝပ်တဲ့အတွက် ပဲသီး၊ သခွားသီးနဲ့ ရာသီသီးနှံတွေလည်း သီးနှံဖူးပွင့်နှုန်းကျဆင်းပြီး ရေရှည်ခူးဆွတ်နိုင်ဖို့ အဟန့်အတားဖြစ်စေတယ်လို့ သဲကုန်းမြို့နယ် ဝက်ပုတ်ရွာက ရာသီပေါ်သီးနှံစိုက်ပျိုးသူတဦးကလည်း ဆိုပါတယ်။  

လက်ရှိ မိုးအဆက်မပြတ်ရွာသွန်းမှုမှာ ပဲခူးအနောက်ခြမ်းကစပါးခင်းတွေထိခိုက်နေသလို ပဲခူးမြို့နယ်မှာလည်း ရေကြီး၊ရေလျှံမှုတွေဖြစ်ပွားနေကာ လူသောင်းနဲ့ချီရေဘေးသင့်နေတယ်လို့ သိရပါတယ်။

ပုံစာ - မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မင်းလှမြို့နယ်အတွင်းက လဲကျနေသည့် ရိတ်သိမ်းကာနီးစပါးခင်းတချို့။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူးအနောက်ခြမ်း #မိုးရွာသွန်းမှု #စပါးခင်း #ရိတ်ခြွေခ #မြင့်တက် #စပါးဈေး #ကျဆင်းမှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10