ပဲခူးအနောက်ခြမ်းမှာ အချိန်ခါမဟုတ် မိုးသက်လေပြင်းတိုက်ခတ်လို့ ပျက်စီးမှုတွေရှိ

ပဲခူးအနောက်ခြမ်းမှာ အချိန်ခါမဟုတ် မိုးသက်လေပြင်းတိုက်ခတ်လို့ ပျက်စီးမှုတွေရှိ

ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်အချို့မှာ ဖေဖေါ်ဝါရီလ ၁၆ ရက် မနေ့ညနေကစပြီး လေပြင်းတိုက်ခတ်မှုနဲ့အတူ မိုးရွာသွန်းခဲ့တာကြောင့် နေအိမ်အချို့ အမိုးလန်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖေါ်ဝါရီလ ၁၆ ရက်မနေ့က မိုးညိုမြို့နယ်အတွင်းက ကျေးရွာအချို့မှာ မိုးသက်လေပြင်း တိုက်ခတ်ခဲ့တာကြောင့် အဆောက်အဦးအချို့ အမိုးလန်ပျက်စီးတာရှိပြီး၊ ဖေဖော်ဝါရီလ ၁၇ ရက် ဒီနေ့နေ့လယ်မှာလည်း နတ်တလင်း၊ ကြို့ပင်ကောက်၊ မင်းလှမြို့နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တယ်လို့ သိရပါတယ်။

"မနေ့က လေပြင်းတိုက်လို့ မိုးညိုမြို့နယ်အနောက်ဘက် ရေအိုးစင်ကုန်းကျေးရွာက အဆောက်အဦးတွေ အမိုးလန်ပျက်စီးတာတွေရှိတယ်။ အရေအတွက်တော့ မသိရဘူး" လို့ ဆင်ခေါင်းကျေးရွာသားတဦးက ပြောပါတယ်။

ဒီနေ့လယ်မိုးရွာသွန်းတာနဲ့ပတ်သက်ပြီး မင်းလှမြို့နယ်သားတဦးကတော့ “မိုးက နာရီဝက်အတွင်းမှာပဲ သည်းထန်စွာရွာသွန်းခဲ့ပြီး ရိတ်သိမ်းလက်စမတ်ပဲနဲ့ ပဲတီစိမ်းတွေ ပျက်စီးမှုတော့ ရှိနိုင်တယ်” လို့ ပြောပါတယ်။

မိုးရွာသွန်းတာကြောင့် လယ်ကွင်းထဲ ရိတ်သိမ်းစုပုံထားတဲ့ မတ်ပဲတွေကို နီးစပ်ရာမိုးကာတွေနဲ့ အုပ်မိုးထားသူတွေလည်း ရှိတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းအနောက်ခြမ်းက ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတည် စတဲ့မြို့နယ်တို့မှာတော့ မိုးအနည်းငယ်သာရွာသွန်းခဲ့ပြီး လက်ရှိမှာ မိုးအုံ့ဆိုင်းနေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10