ပဲခူးအနောက်ခြမ်းမှာ အမျိုးသားတဦးကို ကျပ်သိန်း ၅၀ မှ ၁၀၀ အထိ ဈေးပေါက်နေ (သတင်းဆောင်းပါး)

ပဲခူးအနောက်ခြမ်းမှာ အမျိုးသားတဦးကို ကျပ်သိန်း ၅၀ မှ ၁၀၀ အထိ ဈေးပေါက်နေ (သတင်းဆောင်းပါး)

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံအဝှမ်း စစ်ရေးရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရပြီး တပ်သားပြုန်းတီးမှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် စစ်သားစုဆောင်းမှုတွေကို နည်းမျိုးစုံနဲ့ အတင်းအဓမ္မကြိုးပမ်းလျက်ရှိရာမှာ ပဲခူးတိုင်းအနောက်ခြမ်းမှာ အမျိုးသားတဦးကို ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ အထိ အရောင်းအဝယ်သဘောမျိုး ဈေးပေါက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီရဲ့ နည်းမျိုးစုံသော တပ်သားစုဆောင်းမှုအမျိုးမျိုးကနေ ကင်းလွတ်ခွင့်ရရန် ပြည်သူတွေက ငွေပေးနေရာကနေ အခုအချိန်မှာ အရောင်အဝယ်လုပ်ခံရတဲ့အထိဖြစ်လာတာလို့ ပဲခူးတိုင်းအနောက်ခြမ်းက ဒေသခံတွေက ပြောပါတယ်။ 

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ ရှမ်းမြောက်စစ်ဆင်ရေးနောက်ပိုင်း တပ်သားပြုန်းတီးမှုတွေများနေတဲ့ စစ်ကောင်စီဟာ ပဲခူးတိုင်းအနောက်ခြမ်းမှာ ပြည်သူ့စစ်စုဆောင်းတာတွေကို အခုနှစ် ဇန်နဝါရီလမှာ စတင် လုပ်ဆောင်ခဲ့ပါတယ်။ 

ပြည်သူ့စစ်စုဆောင်းမှုတွေကို ကျေးရွာ၊ ရပ်ကွက်အလိုက် မဖြစ်မနေလိုက်ရမယ်လို့ အတင်းအဓမ္မစုဆောင်းနေစဉ်မှာပဲ ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းပြီး တနိုင်ငံလုံးမှာ တပ်သားစုဆောင်တာတွေကို စစ်ကောင်စီဟာ အင်တိုက်အားတိုက်ပြုလုပ်လာကြပါတယ်။ 

စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းလိုက်တဲ့နောက်မှာတော့ ကျေးရွာ၊ ရပ်ကွက်အောက်ခြေအဆင့်မှာ စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး ငွေကြေးကောက်ခံတာ၊ စစ်မှုထမ်းဥပဒေက ကင်းလွတ်ခွင့်ရရန် ပိုက်ဆံ ပေးရတာတွေရှိလာပြီး စစ်ကောင်စီအုပ်ချုပ်ရေးအဆင့်ဆင့်က စီးပွားရေးဆန်ဆန်လုပ်လာကြတာ ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေမှာ ဩဂုတ် ၁၆ ရက် နိုင်ငံတဝန်း ရပ်ကွက်နဲ့ကျေးရွာအဆင့်အထိ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်း ဖက်နှိမ်နင်းရေးအဖွဲ့ကို ဖွဲ့စည်းဖို့ စစ်ကောင်စီက ထပ်မံကြိုးစားလာတဲ့အခါမှာတော့ အောက်ခြေမှာရှိတဲ့ စစ်ကောင်စီအုပ်ချုပ်ရေးအဆင့်ဆင့်ဟာ ငွေကြေးတောင်းခံမှုတွေကို ဆိုးဆိုးရွားရွားလုပ်လာကြပါတော့တယ်။

အထက်ပါ ဥပဒေတွေကို အကြောင်းပြုပြီး ပဲခူးတိုင်းအနောက်ခြမ်းက စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင် အရာရှိတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီးတွေဟာ လူငယ်တွေကို ဖမ်းဆီးပြီး ရောင်းဝယ်တဲ့သဘောမျိုးအထိ လုပ်လာကြတယ်လို့ ဆိုပါတယ်။ 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်စစ်ကောင်စီအဖွဲ့မှ ဗိုလ်မှူးတဦး၊ မင်းလှမြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူး၊ အုပ်ချုပ်ရေးမှူးရုံး အကြီးတန်းစာရေးနဲ့ သူ့ဇနီးရှေ့နေအပြင် ပျူစောထီးလူမိုက်ညီအကိုနှစ်ဦးတို့ ပူးပေါင်းပြီး အမျိုးသားတွေကို အရောင်းအဝယ်ပြုလုပ်ခဲ့ကြတယ်လို့ လက်ပံတန်းမြို့ခံတဦးက ပြောပါတယ်။ 

“လက်ပံတန်းက ဗိုလ်မှူးက သူဖမ်းထားတဲ့လူတွေကို တဦးကို  သိန်း ၂၀ နဲ့  မင်းလှက ပျူစောထီးညီအကို လှခိုင်နဲ့ လှကြိုင်တို့ကို ရောင်းတယ်။ အဲဒီညီအကိုက မင်းလှက AD (မြို့နယ်အုပ်ချုပ်ရေးမှူး)ကို သိန်း ၅၀ နဲ့ ထပ်ရောင်းတယ်။ AD က မြို့ပေါ်က ပိုက်ဆံရှိတဲ့သူတွေရဲ့ စစ်မှုထမ်းစာရင်းပါသူတွေကို သိန်း ၁၀၀ နဲ့ ပြန်ရောင်းပြီး လူစားထိုးတယ်” လို့  သူက ရှင်းပြပါတယ်။ 

လက်ပံတန်းမြို့နယ်က စစ်ကောင်စီဗိုလ်မှူးရဲ့ ဖမ်းဆီးခံရပြီး အရောင်းအဝယ်လုပ်ခံရတဲ့ လူငယ်တွေဟာ လက်ပံတန်းမြို့နယ် အနောက်ဘက်က အလုပ်ကြမ်းလုပ်နေကြတဲ့ ဒေသခံပြည်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီရဲ့တပ်အင်အားကိုဖြည့်တင်းဖို့ အခုလို အတင်းအဓမ္မလိုက်လံဖမ်းဆီးရာမှာ ကျန်းမာရေးမကောင်းသူတွေကိုပါ ဖမ်းဆီးတာမျိုးတွေ လုပ်နေကြတာပါ။ 

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ ညောင်ဝင်းအုပ်စု၊ လက်ပံပင်လေးရွာက အသက် ၃၃ နှစ်အရွယ် အကြောတက်ရောဂါသည် ကိုအောင်ဇင်ဦး ကို ဩဂုတ် ၁၇ ရက်ညမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်ကနေ အတင်းအဓမ္မ ဖမ်းဆီးသွားခဲ့ပါတယ်။ 

ရောဂါသည်ဖြစ်တဲ့အတွက် ဩဂုတ် ၁၈ ရက်မှာ ပုတီးကုန်းမြို့အပိုင် ဝဲကြီးကျောင်းထိုင်ဆရာတော်ကိုယ်တိုင်က ရဲစခန်းကိုလိုက်သွားကာ ကိုအောင်ဇင်ဦး ကို ပြန်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပေမယ့် မရခဲ့ပါဘူး။ အဖမ်းခံရသူ ကိုအောင်ဇင်ဦးဟာ အဲဒီနေ့မှာပဲ ဖမ်းဆီးခံထားရစဉ် အကြောက်လွန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။  

ဒါ့အပြင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကလည်း စိတ်ကျန်းမာရေးချို့ယွင်းနေသူ ၂ ဦးကို ဖမ်းကာ ၁ ဦးလျှင် ကျပ် ၆၁ သိန်းစီနဲ့ ၂ ဦးပေါင်း ၁၂၃ သိန်းပေးပြီး ပြန်ရွေးရန် မိသားစုဝင်တွေကိုပြောဆိုခဲ့တယ်လို့ မင်းလှမြို့ခံတဦးက ပြောပါတယ်။ 

အဖမ်းခံရတဲ့ စိတ်မကျန်းမာသူ ၂ ဦးဟာ မင်းလှမြို့ပေါ်ရပ်ကွက်က လူငယ် ၂ ဦးဖြစ်တယ်လို့ သိရပါတယ်။ 

“မင်းလှမှာက ဖမ်းဆီးခံရတဲ့လူငယ်တွေကို ပြန်မရွေးနိုင်တော့ တချို့မိဘက သူတို့သားသမီးအတွက် တာဝန် မကျေဘူးဆိုပြီး ယူကျုံးမရဖြစ်နေတယ်။ တချို့ မိဘတွေကျတော့ အိမ်၊ ခြံ၊ ရွှေပေါင်ပြီး ရွေးယူနေကြတယ်”  အထက်ပါ မြို့ခံက ဆက်ပြောပါတယ်။

မင်းလှမြို့နယ်က ပျူစောထီး လှခိုင်နဲ့ လှကြိုင် ညီအကိုဟာလည်း မြို့နယ်အတွင်းက အလုပ်အကိုင်မရှိတဲ့ လူငယ်တွေကို ဖမ်းဆီးထားပြီး စစ်မှုထမ်းအတွက် လူစားလဲလှယ် ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေကြ တယ်လို့ ဆိုပါတယ်။ 

မြို့နယ်၊ ရပ်ကွက်အတွင်းက စစ်မှုထမ်းစာရင်းပါတဲ့ ပြည်သူတွေအနေနဲ့ စစ်မှုထမ်း မလိုက်လိုပါက ငွေကြေးပေးကာ လူစားလဲပေးတာမျိုးနဲ့ စီးပွားရှာနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီလို လူစားလဲပေးရာမှာ “လူလတ်တန်းစားဆိုရင် သိန်း ၅၀၊ သူဌေးက သိန်း ၁၀၀” ဈေးပေါက်နေတယ်လို့ မင်းလှမြို့ခံတဦးက ပြောပါတယ်။ 

စစ်ကောင်စီက သေနတ်ထုတ်ပေးထားတဲ့ မင်းလှမြို့နယ်က လူမိုက်ပျူစောထီး ညီကို ၂ ဦးဟာ တပည့်ပျူစောထီးတွေနဲ့ လောင်းကစားဝိုင်းတွေထောင်တဲ့အပြင် အုပ်စုဖွဲ့ရမ်းကားတာတွေလည်း လုပ်နေကြတယ်လို့ ဆိုပါတယ်။ 

ဩဂုတ် ၂၆ ရက် ညနေ ၄ နာရီဝန်းကျင်က မင်းလှမြို့၊ ဗိုလ်ရုံတန်းလမ်းက ကွမ်းယာဆိုင်မှာရှိတဲ့ လူငယ်တဦးကို အုပ်စုဖွဲ့ရိုက်နှက်ခဲ့လို့ ဦးခေါင်းပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့သလို ဇူလိုင် ၇ ရက်ကလည်း ၎င်းတို့အဖွဲ့ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ညဘက်ကင်းလှည့်နေချိန် မင်းလှမြို့က စိတ်ကျန်းမာရေးမကောင်းသူ ရှားကုန်းရွာသား အသက် ၅၅ နှစ်အရွယ် ဦးပြား ကို မျက်လုံးထွက်အောင်ရိုက်နှက်ခဲ့လို့ သေဆုံးခဲ့ရတဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။  

ပြီးခဲ့တဲ့ တလလောက်ကလည်း လက်ပံတန်းမြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးဆီကနေ ၁ ဦးလျှင် ကျပ်သိန်း ၂၀ ပေးပြီးခေါ်လာတဲ့(ဝယ်လာတဲ့) စစ်မှုထမ်းမယ့် အမျိုးသား ၅ ဦးထဲက ၁ ဦးထွက်ပြေးတာကြောင့် အထက်ပါ ပျူစောထီးခေါင်းဆောင်ညီအစ်ကိုက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါသေးတယ်။ 

လက်ပံတန်းမြို့နယ်အနောက်ဘက် ကိုင်းခြံတောထဲအရောက်မှာ ထွက်ပြေးလို့ ပစ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံး သွားတဲ့အမျိုးသားကို အဲဒီနေရာမှာပဲ မြှုပ်နှံခဲ့တယ်လို့ သိရပါတယ်။ 

ပဲခူးတိုင်းအနောက်ခြမ်းမှာ စစ်မှုထမ်းဖို့ အမျိုးသားတွေကို ဖမ်းဆီးရာမှာ ရန်ကုန်-ပြည် ခရီးသွားမော်တော်ယာဉ်တွေပေါ်ကို တက်ရောက်စစ်ဆေးပြီး ဖမ်းဆီးတာတွေလည်း ပြုလုပ်နေကြတယ်လို့ သိရပါတယ်။ 

မင်းလှမြို့နယ်အတွင်းမှာဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးဟာ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လဝက၊ စစ်သား၊ ရဲဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး မိုးညို-ရန်ကုန်ခရီးသွားမော်တော်ယာဉ်တွေကို စစ်ဆေးပြီး ဖမ်းဆီးတာတွေလုပ် သလို လုပ်ငန်းသုံးမော်တော်ယာဉ်တွေကို စစ်ဆေးပြီး ဖမ်းဆီးတာတွေလည်း လုပ်နေကြပါတယ်။ 

“မင်းလှမြို့ကို ဝက်လာသယ်တဲ့ ကားက အမျိုးသားတဦးကို ဖမ်းပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ကျပ်သိန်း ၄၀ နဲ့  ပြန်ရွေးယူရတာလည်းရှိတယ်” လို့ ဩဂုတ်လဆန်းပိုင်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တခုကို မင်းလှမြို့ခံတဦးက ပြောပြပါတယ်။ 

အခုလိုဖမ်းဆီးပြီး ငွေကြေးတောင်းခံကာ ပြန်လွှတ်တာမျိုးရှိသလို စစ်သားစုဆောင်းရေးရောက်ပြီးမှ ငွေပေးပြီး ဆေးမအောင်လို့ ပြန်လွှတ်ပေးတာ၊ စစ်သင်တန်းတက်ရောက်ပြီးမှ တိုက်ပွဲဖြစ်နေတဲ့နေရာကို မသွားရဘဲ မင်းလှမြို့အနီးဝန်းကျင်မှာ တာဝန်ထမ်းဆောင်ရတာမျိုးဖြစ်ဖို့ကိုလည်း ငွေပေးရတာမျိုးတွေ အဆင့်ဆင့်ပြု လုပ်နေကြတယ်လို့ သိရပါတယ်။ 

စစ်သင်တန်းတက်ရောက်ပြီးနောက် မင်းလှမြို့အနီးဝန်းကျင်မှာ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ လူတဦးကို ကျပ်သိန်း ၂၀ မှ ၂၅ သိန်းအထိပေးရတယ်လို့ ဒေသခံတွေထံက စုံစမ်းသိရပါတယ်။ 

ဒီလိုအဆင့်ဆင့်ငွေကြေးတောင်းခံနေတာကို မင်းလှမြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိနဲ့ ရုံးစာရေး၊ ရှေ့နေတဦးက ပူးပေါင်းလုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ 

မင်းလှမြို့ပေါ်မှာ ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေဟာ စစ်မှုထမ်းစာရင်းပါပေမယ့် အသွားအလာမပျက် နေထိုင်နိုင်ကြပေမယ့် သာမန်အခြေခံလူတန်းစာ လူငယ်တွေကတော့ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ မြိုခံတွေက ပြောပါတယ်။ 

“လက်ရှိ မင်းလှမြို့မှာ စစ်အုပ်စုနဲ့ ဆက်နွယ်ရင်းနီးတဲ့ လူငယ်တွေပဲ သွားလာရဲပြီး အရင်က စားအုန်းဆီတိုးရာ မှာပါဝင်တဲ့ လူငယ်တွေလည်း သွားလာရဲတာမရှိဘူး။ မိဘတွေကလည်း မြို့ပေါ်ကို ပေးမလွှတ်ဘူး” လို့ မြို့ခံတဦးက ဆိုပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းမှာ စစ်ကောင်စီရဲ့ တပ်အင်အားကိုဖြည့်တင်းဖို့ ပြည်သူ့စစ်နဲ့ စစ်မှုထမ်းဥပဒေတွေ အကြောင်းပြုပြီး ပြည်သူတွေကို အတင်းအဓမ္မဖမ်းဆီးတွေတာနဲ့ပတ်သတ်လို့ မင်းလှမြို့ခံတဦးက အခုလို မှတ်ချက်ပြုပါတယ်။ 

“စစ်မှုထမ်းအကြောင်းပြ လူ‌တွေကိုဖမ်းပြီး လွတ်လွတ်လပ်လပ် လူကုန်ကူးနေတာ”

#မြေလတ်အသံ

#ဆောင်းပါး #ပဲခူးတိုင်းအနောက်ခြမ်း #စစ်မှုထမ်းဥပဒေ #လူကုန်ကူး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10