ပဲခူးအနောက်ခြမ်းမှာ ၂ ပတ်အတွင်း လက်ပစ်ဗုံးကိုင်အုပ်ချုပ်ရေးမှူး ၄ ဦးအပါ အုပ်ချုပ်ရေးအဖွဲ့ဝင် ၆ ဦး အသတ်ခံရ

ပဲခူးအနောက်ခြမ်းမှာ ၂ ပတ်အတွင်း လက်ပစ်ဗုံးကိုင်အုပ်ချုပ်ရေးမှူး ၄ ဦးအပါ အုပ်ချုပ်ရေးအဖွဲ့ဝင် ၆ ဦး အသတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ ဩဂုတ် ၅ ရက်မှ ၁၉ ရက်အထိ ရက်သတ္တပတ် ၂ ခု ကာလအတွင်း အုပ်ချုပ်ရေးမှူး ၅ ဦးနဲ့ ရာအိမ်မှူး ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အသတ်ခံရသူတွေဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ဘွတ်စိန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ကိုညွန့်စိန်၊ ဆင်တဲကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ကိုသန်းမြင့်၊ ဇရစ်မြှောင်ရွာက ရာအိမ်မှူး ကိုထွန်းထွန်း၊ အုတ်ဖိုမြို့နယ်၊ နှောကုန်းအုပ်စုအုပ်ချုပ်ရေးမှူး ကိုအောင်ဝင်း၊ ပေါက်ခေါင်းမြို့နယ်၊ ဗောဓိကုန်းအုပ်စုအုပ်ချုပ်ရေးမှူး ကိုမောင်ဝင်း၊ ပေါက်ခေါင်းမြို့နယ်။ သစ်ရောင်းပြန်အုပ်စုအုပ်ချုပ်ရေးမှူး ကိုတင့်လွင်တို့ ၆ ဦး ဖြစ်ကာ ၎င်းတို့ဟာ ဩဂုတ်လ ဒုတိယအပတ်နဲ့ တတိယအပတ်အတွင်း ရက်ပိုင်းသာခြားပြီး အသတ်ခံခဲ့ရတာပါ။

အဆိုပါ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေထဲက မင်းလှနဲ့အုတ်ဖိုမြို့နယ်က အုပ်စုအုပ်ချုပ်ရေးမှူး ၃ ဦးနဲ့ ရာအိမ်မှူး ၁ ဦးတို့မှာ စစ်ကောင်စီတပ်က ချပေးထားတဲ့ လက်ပစ်ဗုံးကိုင်ဆောင်ထားသူတွေဖြစ်ပြီး ၎င်းတို့ထံက လက်ပစ်ဗုံး ၄ လုံးအပြင် အခြားဆက်စပ်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ထုတ်ပြန်ချက်တွေအရ အထက်ပါ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေဟာ စစ်ကောင်စီတပ်အင်အားဖြည့်တင်းရေးအတွက် စစ်မှုထမ်းအဓမ္မစုဆောင်းတာ၊ စစ်မှုထမ်းစုဆောင်းမှုကို အကြောင်းပြကာ ဒေသခံတွေထံ ခြိမ်းခြောက်ငွေတောင်းတာတွေ အပါအဝင် ဒေသတွင်းပြည်သူလူထုအပေါ်နည်းပေါင်းစုံနဲ့အနိုင်ကျင့်နေတဲ့ စစ်ကောင်စီထောက်တိုင်အကြီးစားတွေဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီပစ်ခတ်ရှင်းလင်းမှုတွေကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြေအောက် ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)၊ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ က တပ်ခွဲ ၂၊ တပ်ခွဲ ၃နဲ့ မင်းလှပကဖ တို့က အသီးသီးလုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဝင်တွေ စစ်ကောင်စီလက်အောက်က နုတ်ထွက်ပြီး ပြည်သူနဲ့ပူးပေါင်းကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။

ပုံစာ - ရှင်းလင်းခံရသည့် အုပ်ချုပ်ရေးမှူးအချို့နှင့် သိမ်းဆည်းရရှိပစ္စည်းအချို့။ 

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူးတိုင်းအနောက်ခြမ်း #အုပ်ချုပ်ရေးမှူး #ပစ်ခတ်ရှင်းလင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10