ပဲခူးအနောက်ခြမ်းမှာ NLD ရပ်ကျေးအမှုဆောင်နဲ့ ပါတီဝင်အချို့ ဆက်တိုက်ဖမ်းခံနေရ

ပဲခူးအနောက်ခြမ်းမှာ NLD ရပ်ကျေးအမှုဆောင်နဲ့ ပါတီဝင်အချို့ ဆက်တိုက်ဖမ်းခံနေရ

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်း၊ ပေါင်းတည်နဲ့ နတ်တလင်းမြို့နယ်က NLD ရပ်ကျေးအမှုဆောင်အချို့နဲ့ ပါတီဝင်တို့ကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်လာတယ်လို့ ဒေသတွင်း NLD ပါတီဝင်တဦးက ပြောပါတယ်။ 

လက်ပံတန်းမြို့အနောက်ဘက်၊ ပျဥ်းကတိုးကုန်းအုပ်စုက အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ဥက္ကဌ ဦးဝင်းအောင်ကျော်နဲ့ အတွင်းရေးမှူး ဦးမောင်မောင်တာတို့ကို ဒီဇင်ဘာ ၁ ရက် ည ၈ နာရီလောက်မှာဖမ်းဆီးခဲ့ပြီး ပေါင်းတည်မြို့ပေါ်က ရပ်ကျေးအတွင်းရေးမှူး ၁ ဦးကိုတော့ နိုဝင်ဘာလ နောက်ဆုံးအပတ်ထဲမှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

ပေါင်းတည်မြို့က NLD ရပ်/ကျေး အတွင်းရေးမှူးကိုတော့ ဖမ်းဆီးစစ်ဆေးပြီး နေ့ချင်းပြန်လွှတ်ခဲ့ပေမယ့် လက်ပံတန်းမြို့နယ်က NLD ပါတီ ဥက္ကဌနဲ့ အတွင်းရေးမှူးကိုတော့ ဖမ်းဆီးထားဆဲဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်အထိ မိသားစုနဲ့ တွေ့ခွင့်မရသလို ဘယ်မှာချုပ်ထားတယ်ဆိုတာလည်း မသိရဘူးလို့ ဆိုပါတယ်။ 

အလားတူ နတ်တလင်းမြို့နယ်၊ တာပွန်မြို့က အသက် ၇၀ အရွယ် NLD ပါတီဝင် ဦးအောင်ကြီးကိုလည်း စစ်ကောင်စီတယ်လီဂရမ်မှာ ဖော်ပြခံရပြီးနောက် နိုဝင်ဘာလ ၁၅ ရက်အစောပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 

“တော်လှန်ရေးရဲ့ အရှိန်ကို ဘယ်လိုမှ ထိမ်းမရတော့ ပြည်သူ့တော်လှန်ရေးကိုမနိုင်တော့ ပြည်သူကိုကျတော့လည်း တံဆိပ်ကပ်မရတော့ ဘာမှမလုပ်တဲ့ NLD ပါတီဝင်တွေ၊ အနီလို့ ထင်တဲ့သူတွေကို ပတ်မဲနေတာ။" လို့ ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီမြို့ခံ ပါတီဝင်တဦးက သုံးသပ်ပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၄ / ၂၀၂၃ နဲ့ ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ စစ်အာဏာသိမ်းချိန်ကနေ အခုနှစ် နိုဝင်ဘာလ ၁ ရက်အထိ NLD လွှတ်တော်ကိုယ်စားလှယ် ၇၁ ဦးအပါအဝင် အဖွဲ့ဝင်စုစုပေါင်း ၁၂၉၀ ဦး ဖမ်းဆီးခံထားရတယ်လို့ ဆိုထားပါတယ်။

ပုံစာ - သာယာဝတီမြို့NLD ပါတီရုံး (ပုံဟောင်း)။ 

 စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူးတိုင်းအနောက်ခြမ်း #လက်ပံတန်း #ပေါင်းတည် #NLD #ဖမ်းဆီး #စစ်ကောင်စီ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10