ပဲခူးအနောက်မှာ နှမ်းလှိုင်ချိန် ဈေးချဝယ်နေသော်လည်း နှမ်းဆီဈေး မြင့်တက်နေ

ပဲခူးအနောက်မှာ နှမ်းလှိုင်ချိန် ဈေးချဝယ်နေသော်လည်း နှမ်းဆီဈေး မြင့်တက်နေ

ပဲခူးတိုင်းအနောက်ခြမ်းက တောင်ပေါ်ဒေသတွေမှာ စိုက်ပျိုးထားတဲ့နှမ်းတွေ စက်တင်ဘာ လဆန်းကစလို့ လှိုင်လှိုင်ပေါ်ထွက်လာချိန်မှာ နှမ်းဈေးကျဆင်းပေမယ့် နှမ်းဆီဈေးကတော့ မြင့်တက်နေတယ်လို့ နှမ်းစိုက်တောင်သူတဦးဆီက သိရပါတယ်။ 

နှမ်းစတင်ပေါ်ချိန် စက်တင်ဘာလဆန်းက နှမ်း ၁၅ ပိဿာ တတင်းကို ကျပ် ၁၀၅၀၀၀ ဈေးပေါက်ပြီး လက်ရှိပေါက်ဈေးမှာ ကျပ် ၉ သောင်းဝန်းကျင်သာ ရှိတယ်လို့ ပေါက်ခေါင်းမြို့နေ ဆီစက်လုပ်ငန်းရှင်တဦးက ဆိုပါတယ်။ 

 “ဈေးကောင်းမရလိုက်ဘူး၊ တတင်းကို ၁ သောင်းလောက်နာသွားတယ်၊ ပစ္စည်းလှိုင်လှိုင်ပေါ်ကာမှ ဈေးကျသွားတာ၊ ကိုယ်တိုင်နှမ်းစိုက်ပြီး နှမ်းရော ဆီ ၁ ပိဿာကို တသောင်းကျော် ပြန်ဝယ် စားနေရတယ်။ ကိုယ်ပြန်ပြီးဝယ်စားရမယ့် နှမ်းဆီဈေးကတော့ ခေါင်ခိုက်နေတယ်” လို့ ပေါက်ခေါင်းမြို့နယ်က နှမ်းစိုက်ပျိုးသူတဦးက ပြောပါတယ်။ 

အဲဒီနှမ်းတွေကို ပြီးခဲ့တဲ့မေလဆန်း ဝန်းကျင်က စိုက်ပျိူးခဲ့တာဖြစ်ပြီး ခန့်မှန်းကုန်ကျစားရိတ်အနေနဲ့ တဧကကို ကျပ် ၃ သိန်းဝန်းကျင်လောက် ရှိပြီး အခုနှစ် နှမ်းတွေကောင်းတာကြောင့် ၁ ဧကကို ပျှမ်းမျှ ၆ တင်းခန့် ထွက်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီက စားအုံးဆီကို ဈေးလျော့ရောင်းခိုင်းနေလို့ မြို့နယ်တိုင်းလိုလိုမှာ စားအုံးဆီ ပြတ်လပ်နေပြီး နှမ်းဆီဈေးမှာလည်း ပြီးခဲ့တဲ့ ဩဂုတ်လလယ်က နှမ်းလတ်ဆီ ၁ ပိဿာကျပ် ၁၀၂၀၀ ရှိရာက လက်ရှိမှာ ကျပ် ၁၃၀၀၀ ဈေးပေါက်တယ်လို့ ပေါင်းတည်မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။ 

ပဲခူးတိုင်းအနောက်ခြမ်းမှာ နှမ်းကိုတောင်ပေါ်ဒေသတွေအပြင် မြေပြန့်တွေမှာရှိတဲ့ ကုန်းမြင့်တဲ့ နေရာတွေမှာလည်း စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

ပုံစာ - ပဲခူးရိုးမအနောက်ခြမ်းတနေရာက နှမ်းခြွေနေမှု မြင်ကွင်း။

စာတည်း - နွေဦးငြိမ်းချမ်း  

#မြေလတ်အသံ

#သတင်း #စားသောက်ကုန် #ကုန်ဈေးနှုန်း #စားဆီ #ဈေးကွက် #စိုက်ပျိုးရေး #နှမ်း #တောင်သူလယ်သမား #ပဲခူးတိုင်းအနောက်ခြမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10