ပဲခူးအရှေ့ခြမ်းက မြို့နယ်တွေမှာ စစ်တပ်က လေကြောင်းရော လက်နက်ကြီးပါပစ်ခတ်လို့ ဒေသခံ ၅ ဦးသေပြီး ထိခိုက်ပျက်စီးမှုတွေရှိ

ပဲခူးအရှေ့ခြမ်းက မြို့နယ်တွေမှာ စစ်တပ်က လေကြောင်းရော လက်နက်ကြီးပါပစ်ခတ်လို့ ဒေသခံ ၅ ဦးသေပြီး ထိခိုက်ပျက်စီးမှုတွေရှိ

ပဲခူးတိုင်းအရှေ့ခြမ်းက ရေတာရှည်၊ ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်ထဲက ကျေးရွာတွေကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက လေကြောင်းသုံးဗုံးကြဲတဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်လို့ ဒေသခံ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ် တော်လှန်ရေးအဖွဲ့အစည်းတွေဆီက သိရပါတယ်။ 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ကျေးရွာ ၅ ရွာကို ဖေဖော်ဝါရီ ၂၁ ရက်မှာ စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၄ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ Daung Minn Thar - Yedashe - PDF ဆီကသိရပါတယ်။

ပိတောက်ကုန်း၊ စည်ပိုင်းရွာ၊ မိချောင်းအိုင်၊ ရှမ်းစု၊ ကျွန်းကုန်း စတဲ့ကျေးရွာတွေဘက်ကို နေ့လယ် ၂ နာရီခန့်မှာ တိုက်ပွဲမဖြစ်ဘဲ တောင်ငူလေတပ်ကနေ လေယာဥ်နဲ့ ၈၁ မမ ဗုံးသီး ၁၂ လုံးခန့် ကြဲချပြီး ပွိုင့် ၅ စက်လတ်ကျည်တွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ထိခိုက် သေဆုံးခဲ့ကြတာပါ။ 

"တိုက်ပွဲမရှိဘဲ ပစ်သွားတာဗျ။ နေအိမ်တွေလည်းပျက်စီးတယ်။ ပြည်သူ ၄ ယောက် သေသွားတယ်။ ဒဏ်ရာရတဲ့အထဲက အမျိုးသမီးတယောက် စိုးရိမ်ရတယ်” လို့ Yedashe - PDF ဘဏ္ဍာနဲ့ထောက်ပို့ တာဝန်ခံ ရဲဘော် ဒေါင်းဖြူက ပြောပါတယ်။

သေဆုံးသူတွေဟာ စည်ပိုင်းကျေးရွာက ဒေါ်တင်တင်မူ ၄၂ နှစ်၊ မရတီဇော် ၉ နှစ်၊ မသဇင်ပွင့် ၁၀ နှစ်၊ ပိတောက်ကုန်းကျေးရွာက ဒေါ်ချစ်ပို ၉၀ နှစ် တို့ဖြစ်ပြီး စည်ပိုင်းရွာက မနွယ်ဇင်အေး ၄၂ နှစ်၊ မမေသူအောင် ၉ နှစ်၊ မောင်ဝေလင်းထွန်း ၁၆ နှစ်၊ မောင်ထက်ရန်နိုင်ဦး ၁၀ နှစ်၊ ပန်းတောက်ကုန်းကျေးရွာက မသေးသေး ၆ နှစ်၊ မဖြူလုံး ၄၂ နှစ်၊ မရီဝင်း ၄၈ နှစ်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။ 

ဒါ့အပြင် ပိတောက်ကုန်းကျေးရွာနဲ့ စည်ပိုင်းကျေးရွာက စုစုပေါင်း နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

"အခုအပစ်ခံရတဲ့ ရွာတွေက မျက်နှာချင်းဆိုင် ရွာတွေပါ။ အရင်က အပစ်ခံရသေးတယ်။ ရွာသား ၂ ဦး ဒဏ်ရာရတာလောက်ပဲ ရှိတယ်။ အခုက ပစ်သွားတာအတော်ဆိုးတယ် " လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

လေယာဥ်နဲ့တိုက်ခိုက်ခံရတဲ့ ကျေးရွာတွေမှာ ရေတာရှည်မြို့နယ်နဲ့ ၇ မိုင်ခန့်ဝေးကွာပြီး စစ်တောင်းမြစ် အရှေ့ဘက်ကမ်းမှာတည်ရှိကာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာလည်း အဲ့ဒီကျေးရွာတွေတဝိုက်ကို စစ်ကောင်စီက လေယာဥ်နဲ့ ၂ ကြိမ် တိုက်ခိုက်ခဲ့သေးတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

အလားတူ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ စစ်တပ်က လက်နက်ကြီးအပြင် လေကြောင်းကနေပါ ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရတယ်လို့ ဖေဖော်ဝါရီ ၂၁ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဒေသခံတွေ ထိခိုက်သေဆုံးဒဏ်ရာတာနဲ့ နေအိမ်တွေပျက်စီးတာက ဖေဖော်ဝါရီ ၁၉ ရက်ကနေ ၂၁ ရက်အတွင်းမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

"စကစဘက်ကနေ တိုက်ပွဲမရှိဘဲ အကြောင်းမဲ့လက်နက်ကြီးပစ်လို့ ဒေသခံတွေထိခိုက်သေဆုံးခဲ့ရတာ။ ခုဆို ရွာသားတွေက ဘယ်အချိန်လက်နက်ကြီးကျလာမလဲဆိုပြီး စိုးရိမ်နေရတယ်"လို့ ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက် မနက် ၁၀ နာရီကျော်ခန့်မှာ ရွှေကျင်မြို့နယ်၊ ထီးဝါးထားကျေးရွာအတွင်းကို စစ်တပ်ဘက်က တိုက်လေယာဥ် ၂ စီးနဲ့ ဗုံး ၈ လုံး လာရောက်ဗုံးကြဲခဲ့ရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၁ ကျောင်းနဲ့ နေအိမ် ၄ လုံးပျက်စီးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက်မှာ ရွှေဝါအခြေစိုက် ခမရ ၃၀၇ မှ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ ကျောက်ကြီးမြို့နယ်၊ လက်တက်ကြီးရွာထဲကို ၂ လုံး ကျရောက်ပေါက်ကွဲပြီး ဦးစိန်လှ ၄၈ နှစ်သေဆုံးခဲ့ကာ ဦးသိန်လွင် ၆၀ နှစ်၊ မသန်းရွှေ ၄၅ နှစ်၊ မောင်အာကာ ၅ နှစ်၊ မောင်အေးဝင်း၊ မောင်သူရတို့ ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ချိန်နဲ့ လေကြောင်းလာရောက်ပစ်ခတ်ချိန်တွေမှာ ဒေသခံတွေဟာ ကျေးရွာတွေကနေ ယာယီတိမ်းရှောင်ရပြီး ပစ်ခတ်မှုငြိမ်သက်သွားချိန်မှာ ရွာထဲကို ပြန်ဝင်နေကြပြီလို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်ကလည်း ကညွတ်ကွင်းအခြေစိုက် ခမရ ၄၃၉ ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာကို ကျရောက်ပြီး အမျိုးသား ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူးအရှေ့ခြမ်း #ရေတာရှည် #ကျောက်ကြီး #ရွှေကျင် #လေကြောင်းသုံးတိုက်ခိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10