ပျက်စီးနေတဲ့ ကျေးရွာချင်းဆက်လမ်းကို PDF တွေပြုပြင်ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တောင်ပိုင်းရှိ ပျက်စီးနေတဲ့လမ်းပိုင်းတခုကို ဇွန်လဆန်းပိုင်းကစတင်ပြီး ဒေသခံကာကွယ်ရေးတပ်တွေက ပြုပြင်ပေးနေတယ်လို့ Defender Of Mother Land Force အဖွဲ့ဆီက သိရပါတယ်။ 

ဇွန်လဆန်းပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့တဲ့ အဆိုပါလမ်းပိုင်းကို မုံရွာမြို့နယ်အခြေစိုက် ယင်းမာပင်ခရိုင် တပ်ရင်း ၃၊ ၄၊ ၅ ဗျူဟာအမှတ် ၄၈ တပ်ရင်း ၃၊ တပ်ခွဲ ၃ Defender Of Mother land Force တပ်ဖွဲ့ဝင်တွေက ဇွန်လလယ်ပိုင်းမှာ စတင်ပြုပြင်ခဲ့တာလို့ ဆိုပါတယ်။ 

"မိုးရောလေပါ ၄ ရက်လောက်ကျခဲ့တယ်။ ချိုင့်ခွက်တွေ မြေသားပဲ့ကျတာတွေ မြောင်းတွေ ဖြစ်ကုန်တယ်။ သစ်ပင်တွေလည်း ကျိုးကျတယ်။ ပြည်သူတွေအတွက် ကူညီပေးတာပါ။ ပြည်သူတွေဆီက ငွေကောက်တာမျိုး မရှိပါဘူး"လို့ DOMF တပ်ဖွဲ့ သတင်းတာဝန်ခံ ရဲဘော်ဂျိမ်း က ပြောပါတယ်။

လမ်းပြုပြင်ရာမှာ ကျောက်တုံး၊ ကျောက်ခဲ၊ သဲတွေဝယ်ယူရတာနဲ့ ထွန်စက်ငှားရမ်းခတွေအဖြစ် လက်ရှိအချိန်ထိ ငွေကျပ်သိန်း ၂၀ နီးပါးကုန်ကျထားပြီး ဒီငွေထဲမှာ တပ်ရင်း ရံပုံငွေထဲက ၁၅ သိန်းကျော်နဲ့ ပြည်သူတွေလှူဒါန်းတဲ့ ငွေကျပ် ၅ သိန်းကျော်ပါဝင်တယ်လို့ ဆိုပါတယ်။ 

အဆိုပါလမ်းမှာ သွားလာနေကြတဲ့ ပြည်သူတွေကလည်း လမ်းပြင်ပေးနေတဲ့ ရဲဘော်ရဲမေတွေကို တွေ့ရင် ကျေးဇူးတင်စကားပြောကြတဲ့အပြင် အစားအစာနဲ့ ရေတွေလည်း ပေးကြတယ်လို့ ရဲဘော်ဂျိမ်းက ပြောပါတယ်။ 

အခုပြုပြင်တဲ့လမ်းကို ကျေးရွာပေါင်း ၂၀ ကျော်က အဓိကသွားလာနေကြရတာဖြစ်ပြီး လက်ရှိမှာ ၁၀ မိုင်ခန့်ပြုပြင်ပေးထားကာ နောက်ထပ် ၄ မိုင်ခန့် ပြုပြင်ဖို့ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

စာတည်း - လင်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ပျက်စီး #လမ်းပိုင်း #ပြုပြင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10