ပျူစောထီးခေါင်းဆောင်အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းချိန် လက်ပစ်ဗုံးနဲ့ပြန်ပစ်လို့ PDF ၁ ဦး သေဆုံး

ပျူစောထီးခေါင်းဆောင်အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းချိန် လက်ပစ်ဗုံးနဲ့ပြန်ပစ်လို့ PDF ၁ ဦး သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က ပျူစောထီးခေါင်းဆောင်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သေနတ်နဲ့ပစ်ခတ်ရှင်းလင်းရာ နှစ်ဘက်ထိခိုက်သေဆုံးမှုရှိတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ YOMA GBK PDF က သတင်းထုတ်ပြန်ထားပါတယ်။

အုတ်ဖိုမြို့နယ်၊ ကိုင်းကြီးအုပ်စု၊ ကိုင်းကြီးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ အသက် ၄၀ နှစ်ဝန်းကျင်ရှိ ပျူစောထီးခေါင်းဆောင် ကိုတင်အောင်နဲ့ ဇနီး မထွေးကြည် (ခ) မသေးသေးတို့ကို ၎င်းတို့နေအိမ်မှာ မတ် ၃ ရက် မနေ့ညနေ ၃ နာရီလောက်က သေနတ်နဲ့ ပစ်သတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်ရှင်းလင်းချိန်မှာ ပျူစောထီးခေါင်းဆောင်က လက်ပစ်ဗုံး ၂ လုံးနဲ့ လက်ဦးမှုယူ ပစ်ခတ်ခဲ့ရာ PDF တွေအကြား ကျရောက်ပေါက်ကွဲခဲ့လို့ ရဲဘော်ရောင်ခြည်သေဆုံးခဲ့ရသလို ကျန်ရဲဘော်တွေကလည်း လင်မယား ၂ ဦးစလုံးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒဏ်ရာရ ရဲဘော်တယောက်ရဲ့ ပေါင်ကိုထိတယ်။ ရဲဘော်ရောင်ခြည်ကတော့ ခြေထောက်နှစ်ဘက်လုံး ထိသွားပြီး နို့အုံရဲ့ အပေါ်တချက်၊ အောက်တချက်မှာ အပေါက်ကလေးတွေ တွေ့ရတယ်။  တပ်ဖွဲ့ ဆေးခန်းအရောက်မှာ ကျဆုံးခဲ့တာ“လို့  YOMA GBK PDF က တပ်ခွဲမှူး ကိုကရင်လေးကပြောပါတယ်။

ရဲဘော်ရောင်ခြည်ဟာ အသက် ၂၀ နှစ်အရွယ်ခန့် အိမ်ထောင်မရှိသူ လူပျိုဖြစ်ပြီး သူ့ရဲ့ ဈာပနကို မတ် ၅ ရက်မှာ သင်္ဂြိုဟ်မှာဖြစ်ကာ ဒဏ်ရာရရဲဘော်ကိုတော့ တပ်ဖွဲ့ဆေးခန်းမှာ ဆေးကုသနေတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအပြီးမှာ ပျူစောထီးခေါင်းဆောင် ကိုတင်အောင်နဲ့ ၎င်းရဲ့ဇနီးရုပ်အလောင်းတွေကို စစ်အုပ်စုက လာရောက်သယ်ဆောင်သွားပေမယ့် ဘယ်နေရာကို သယ်ဆောင်သွားတယ်ဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။

YOMA GBK PDF တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၈ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်က ဆင်စခန်းဟောင်းကို မီးရှို့ပြန်လာတဲ့ စစ်ကောင်စီလက်အောက် မြန်မာ့သစ်လုပ်ငန်းက ဝန်ထမ်းတွေနဲ့ ပျူစောထီးအဖွဲ့တွေကို ပစ်ခတ်ရှင်းလင်းခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ - ကျဆုံးသွားသည့် ရဲဘော်ရောင်ခြည်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#အုတ်ဖို #ပျူစောထီး #အုပ်ချုပ်ရေးမှူး #ပစ်ခတ်မှု #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10