ပျူစောထီးတွေလက်က ထွက်ပြေးလွတ်မြောက်လာတဲ့ သားအမိ (ဆောင်းပါး)

ပျူစောထီးတွေလက်က ထွက်ပြေးလွတ်မြောက်လာတဲ့ သားအမိ (ဆောင်းပါး)

 

အသက် ၄၅ ဝန်းကျင်အရွယ် ဦးရင်*နဲ့ ဒေါ်တင်*တို့ဟာ သား ၄ ယောက်နဲ့အတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှာ နေထိုင်ကြသူတွေဖြစ်ပါတယ်။   

သူတို့မိသားစုက ထန်းပင် ၄ ပင် ပိုင်ဆိုင်ပြီး ဦးရင်က ထန်းတက်ကာ ထန်းရည်ရောင်းပါတယ်။ ဒါ့အပြင် ထန်းလက်အငှားလိုက်ခုတ်ပြီး အဲ့ဒီကရတဲ့ဝင်ငွေနဲ့ တမိသားစုလုံး စားသောက်ကြရတာပါ။ 

ဒေါ်တင်က သွေးတိုးနဲ့ ဆီးချို ရောဂါရှိတာကြောင့် အပြင်ထွက် အလုပ်မလုပ်နိုင်ဘဲ အိမ်မှုကိစ္စနဲ့ မီးဖိုချောင်ကို တာဝန်ယူရပါတယ်။ 

၂၀၂၁ စစ်တပ်က တိုင်းပြည်အာဏာကို အတင်းအဓမ္မသိမ်းလိုက်တဲ့နောက်မှာတော့ အားလုံးနည်းတူ သူတို့ရဲ့ မိသားစုအသိုက်အမြုံလေးဟာလည်း တစစီပြိုကွဲသွားခဲ့ရတယ်။ မိသားစုတွေ အခက်အခဲ အကျပ်အတည်းများစွာနဲ့ ကြုံတွေ့ခဲ့ရတယ်။ 

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အသက် ၂၅ အရွယ် သားတယောက်ဟာ အိမ်ကနေထွက်သွားပြီး ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲ ရောက်သွားခဲ့ပါတယ်။ အိမ်မှာ မိဘနဲ့အတူ ဆယ်ကျော်သက် အရွယ်သား ၃ ယောက်ကျန်ခဲ့ပါတယ်။ 

၂၀၂၃ ဇွန်လလယ်ပိုင်းမှာ ဦးရင်ဟာ ရွာကနေထွက်ပြီး ထန်းတက်ဖို့ ထန်းတောကိုသွားရာလမ်းမှာ မိုင်းနင်းမိလို့ နေရာမှာတင် ဆုံးသွားခဲ့ရပါတယ်။ 

ဒါကြောင့် ဒေါ်တင်ဟာ ဆယ်ကျော်သက်အရွယ် သား ၃ ယောက်နဲ့အတူ ဘဝကိုဖြတ်သန်းခဲ့ရပါတော့တယ်။ 

သူတို့နေထိုင်ရာ ပုလဲမြို့နယ်ထဲက ဇီးဖြူကုန်းရွာဟာ အိမ်ခြေ ၁၅၀ ကျော်ရှိပြီး လူဦးရေ ၁,၀၀၀ ကျော်ရှိတဲ့ ကျေးရွာပါ။ ယခင် ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သူ ကိုကျော်ထွန်းက ပျူစောထီးအဖွဲ့ခေါင်းဆောင် ဖြစ်လာတဲ့အခါမှာတော့ ကျေးရွာထဲမှာ စစ်ကောင်စီကို အားပေးထောက်ခံတဲ့သူ တဖြည်းဖြည်းအားကောင်းလို့လာပါတယ်။ 

ကျေးရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အထိုင်ချတပ်စွဲလိုက်တယ်။ 

အဲ့ဒီနောက် ရွာသားတွေကို ပျူစောထီးအဖွဲ့ဝင်ဖို့ အဓမ္မစည်းရုံးပါတော့တယ်။ အိမ်တအိမ်ကို ယောက်ျားသား ၁ ယောက်၊ တကယ်၍ ယောက်ျားသား များပါက တအိမ်ကို ၂ ယောက်အထိ ပျူစောထီးအဖွဲ့ထဲဝင်ရပြီး  လက်နက်ကိုင်ခိုင်းတယ်လို့ ဒေါ်တင်က ပြောပါတယ်။ 

အဲ့ဒီလိုနဲ့ ဇီးဖြူကုန်းကျေးရွာမှာ စစ်ကောင်စီတပ်ဟာ ပျူစောထီးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပါတော့တယ်။ 

ဒေါ်တင်ရဲ့ သားဖြစ်သူ အသက် ၁၄ နှစ်အရွယ် မောင်ညီထွေးရဲ့ ပြောကြားချက်အရ ၂၀၂၃ ဒီဇင်ဘာ အထိ ရွာထဲမှာ စစ်သား ၇ ဦး၊ ရဲ ၁၂ ဦးရှိနေပြီး ပျူစောထီးအဖွဲ့ဝင် ၁၅၀ ဝန်းကျင်ရှိနေတယ်လို့ ဆိုပါ တယ်။ 

သားဖြစ်သူက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲ ဝင်ရောက်နေတဲ့အတွက် ဒေါ်တင်တို့ မိသားစုကိုတော့ ပျူစောထီးထဲဝင်ဖို့ လာရောက်စည်းရုံးတာမျိုး မလုပ်ဘဲ နေ့စဉ်နေ့တိုင်း သံသယနဲ့ စောင့်ကြည့်တာကို ခံရတယ်လို့ ဒေါ်တင်က ပြောပါတယ်။ 

ပျူစောထီးတပ်ဖွဲ့ထဲဝင်ဖို့ စစ်တပ်က အတင်းအဓမ္မစည်းရုံးခဲ့တာကြောင့် ပျူစောထီးမလုပ်လိုတဲ့ ရွာသူ၊ ရွာသား ၆၀၀ ခန့်ဟာ ကျေးရွာကနေ ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ လက်ရှိမှာ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ ဇီးဖြူကုန်းကျေးရွာက စစ်ရှောင်လူဦးရေ ၄၅၀ ခန့်ကို စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။ 

ဒီလူတွေဟာ သူတို့ပိုင်ဆိုင်သမျှ လယ်တွေ၊ အိမ်တွေကို စွန့်ကာ အဝတ်တထည်၊ ကိုယ်တခုနဲ့ ထွက်ပြေးသွားခဲ့ကြရတာပါ။ 

“ကျန်ခဲ့တဲ့ မြေတွေ၊ လယ်ယာသုံးစက်ပစ္စည်းတွေကို ပျူစောထီးတွေက မောင်ပိုင်စီးထားကြတယ်” လို့ ဒေါ်တင်က ဆိုပါတယ်။ 

လယ်မြေ ၆ ဧကကို ထားခဲ့ပြီး ရွာကနေ ထွက်ပြေးသွားခဲ့ရတဲ့အမျိုးသားတဦးက “ကျနော်ဆို စားနိုင်သောက်နိုင်တဲ့ လယ်ပိုင်ရှင်ဘဝကနေ ပျူစောထီးတွေကြောက်လို့ ထွက်ပြေးပြီး သူများ ပေးစာ၊ ကမ်းစာစားနေရတဲ့ အဖြစ်ကို ရောက်သွားတယ်” လို့ ဆိုပါတယ်။ 

လက်တလောမှာ သူရောက်နေတဲ့အရပ်က လယ်ပိုင်ရှင်တဦးထံမှာ လယ်ကူလီလုပ်နေရတယ်လို့ သူက ပြောပါတယ်။ 

ရွာထဲမှာကျန်နေခဲ့တဲ့ ရွာသားတွေဟာလည်း လုပ်ကိုင်စားစရာ မရှိတာကြောင့် စားရမဲ့မဲ့၊ သောက်ရမဲ့မဲ့ ဖြစ်နေကြရတဲ့ အခြေအနေပါ။ 

ဒါကြောင့်လည်း ပျူစောထီးအဖွဲ့ဝင်ဖြစ်လာကြတဲ့ ရွာသားတွေကတော့ စစ်ကောင်စီစစ်ကြောင်းနဲ့ အတူ လိုက်ပါရပြီး ပုလဲမြို့နယ်အတွင်းက ရွာတွေကနေ တွေ့မြင်သမျှ စားနပ်ရိက္ခာတွေနဲ့ ပစ္စည်းတွေကို အဓမ္မသိမ်းယူကာ စားသောက်ရတာမျိုးတွေ လုပ်နေကြရတယ်လို့ ဒေါ်တင်ကပြောပါတယ်။ 

ခင်ပွန်းဖြစ်သူ သေဆုံးသွားခဲ့တဲ့နောက်ပိုင်း ဒေါ်တင်ဟာ သူစုဆောင်းထားတဲ့ ဆွဲကြိုးနဲ့ လက်ကောက်ကို ရွာထဲက ငွေကြေးချမ်းသာသူတွေဆီမှာ ရောင်းချပြီး သားအမိ ၄ ယောက် ခြိုးခြံချွေတာကာ စားသောက်နေခဲ့ရတာပါ။ 

ခင်ပွန်ဖြစ်သူ မိုင်းထိပြီးသေဆုံးသွားခဲ့စဉ်က ပျူစောထီးခေါင်းဆောင် ကျော်ထွန်းက သူတို့မိသားစု အတွက် ဆန်တပြည်ထောက်ပံ့ပေးခဲ့တာကလွဲလို့ တခြားဘာထောက်ပံ့မှုတွေမှ မရခဲ့ဘူးလို့ ဒေါ်တင်က ပြောပါတယ်။ 

"ပျူခေါင်းဆောင်က ငါတို့မှာ ‘ဆား’ တောင် ပေါပေါများများမရှိဘူးဆိုပြီး ဆန် ၁ ပြည်ပဲပေးတာလေ" လို့ ဒေါ်တင်က ပြောတယ်။ 

ဦးရင်ဆုံးသွားတဲ့အခါမှာ မိသားစုထဲမှာ ထန်းတက်မယ့်သူမရှိတော့ဘဲ ဆယ်ကျော်သက် သား ၃ ယောက်ဟာ ချောင်းတွေထဲမှာ ငါးရှာ၊ ဖားရှာ၊ အလေ့ကျပေါက်ပင်တွေဖြစ်တဲ့ ချဉ်ပေါင်၊ ကန်စွန်း၊  မျှစ်၊ လယ်ပဒူ စတာတွေ ခူးစားပြီး ရှင်သန်နေထိုင်ကြပါတယ်။ 

ရွာကို ကြီးစိုးထားတဲ့ ပျူစောထီးတွေက သူတို့သိမ်းယူလာတဲ့ ပစ္စည်းတွေကို အခြားသူတွေကို ပေးသလိုမျိုး သူတို့မိသားစုကို ပေးကမ်းထောက်ပံ့တာမျိုး မရှိဘူးလို့ ဆိုပါတတယ်။ 

"သားတို့ကို စားစရာတွေ မပေးပါဘူး။ သူတို့နဲ့ သိတဲ့လူတွေ ပစ္စည်းယူဖို့လိုက်တဲ့ သူတွေကိုပဲ ပေးတယ်။ သားတို့က တောထဲက အသီးအနှံတွေ ရှာပြီးစားရတယ်။ မုန့်မစားရတာလည်း ကြာပြီ " လို့ ၁၄ နစ်အရွယ်ရှိတဲ့ မောင်ညီထွေးက ပြောပါတယ်။

ပုံစာ - ဒေါ်တင်တို့ သားအမိ ၄ ယောက် လက်ရှိနေထိုင်သည့် တဲအိမ်။
ပုံစာ - ဒေါ်တင်တို့ သားအမိ ၄ ယောက် လက်ရှိနေထိုင်သည့် တဲအိမ်။

ဇီးဖြူကုန်းကျေးရွာထဲမှာ သူတို့မိသားစုအပေါ် ပျူစောထီးတွေက ယုံကြည်မှုမရှိဘဲ သံသယတွေနဲ့ အမြဲစောင့်ကြည့်နေကြတယ်။ တဖက်မှာ မိသားစုစားဝတ်နေရေးကလည်း ပိုမိုကျပ်တည်းလာတာကြောင့် ဒေါ်တင်တို့ မိသားစု ၄ ယောက်ဟာ ကျေးရွာကနေ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ 

ဒေါ်တင်ရဲ့သား ၃ ယောက်ဟာ အသက် ၁၀ နှစ်၊ ၁၂ နှစ်နဲ့ ၁၄ နှစ်အရွယ်တွေ ဖြစ်ကြပါတယ်။ 

သူတို့ထွက်ပြေးမယ့်ရက်မတိုင်ခင်မှာ အိမ်မှာရှိတဲ့ အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတချို့ကို လူမမြင်အောင် ကွယ်ဝှက်ပြီး တောထဲ ဦးစွာနေရာရွှေ့ခဲ့ကြရပါတယ်။ 

ပျူစောထီးတွေအားကောင်းတဲ့ ဇီးဖြူကုန်းကျေးရွာရဲ့ အရပ်လေးမျက်နှာမှာ ဘန်ကာတွေချထားပြီး တရွာလုံးမှာဆိုရင် ဘန်ကာအားလုံး ၉ ခုရှိပါတယ်။ ဒေါ်တင်တို့မိသားစုနေထိုင်တဲ့ ရွာတောင်ပိုင်းမှာ ဆိုရင် ဘန်ကာ ၃ ခုရှိပါတယ်။  

စစ်တပ်ဟာ ဘန်ကာတခုဆီမှာ စစ်သား ၁ ဦးနဲ့ ပျူစောထီးအဖွဲ့ဝင် ၉ ဦး၊ ဒါမှမဟုတ် ရဲ ၁ ဦးနဲ့ ပျူစောထီး ၉ ဦး အလှည့်ကျကင်းစောင့်ကြပါတယ်။ 

အဲ့ဒီလိုလုံခြုံရေးတွေ တင်းကျပ်စွာချထားတဲ့ကြားထဲကပဲ ၂၀၂၃ ဒီဇင်ဘာ ၂၄ ရက် မနက် ၄ နာရီမှာ ဒေါ်တင်တို့သားအမိတွေဟာ ဇီးဖြူကုန်းကျေးရွာကနေ ထွက်ပြေးခဲ့ကြပါတော့တယ်။ 

လွတ်မြောက်ခြင်းခရီးစဉ်ကို ဦးဆောင်လမ်းပြသူက အသက် ၁၄ နှစ်အရွယ် မောင်ညီထွေးပါ။ သူဟာ ကျေးရွာအနီးဝန်းကျင်နဲ့ တောတောင်တွေထဲကို ပုံမှန်လှည့်လည်သွားလာနေတဲ့သူတဦး ဖြစ်တာကြောင့် ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ အသိဆုံးပါ။ 

ရွာအနီးဝန်းကျင်က ဘယ်နေရာတွေမှာ မြေမြှုပ်မိုင်းရှိတယ်ဆိုတာလည်းကို လူကြီးတွေက ပြသထားတဲ့အတွက် သူက ကောင်းကောင်းသိထားပြီးဖြစ်ပါတယ်။ 

ဒါကြောင့်လည်း အလင်းရောင်မလာခင် အမှောင်ထုထဲမှာ သားအမိ ၄ ယောက်ဟာ ဖိနပ်မပါဘဲ ခြေသံလုံလုံနဲ့ အန္တရာယ်တွေကြားက ဖြတ်သန်းခဲ့ကြပါတယ်။ 

သူတို့ဖြတ်လာခဲ့တဲ့ ဘန်ကာထဲမှာ ကင်းစောင့်နေတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေဟာ ညက သောက်စားထားတဲ့အရှိန်နဲ့ အိပ်လို့ကောင်းနေချိန်ဖြစ်ပါတယ်။  

“မိုးမှောင်ကလည်း ကျနေတယ်။ ရေတွေ၊ ချောင်းတွေဖြတ်တော့ တိမ်မှန်း နက်မှန်းမသိ ဆင်းရတာ။ သောက်ဖို့ရေက မပါနဲ့။ ကလေးတွေသွားတဲ့ နောက်လိုက်ရတာပဲ။ သေလည်းကံ၊ ရှင်ရင်လည်းစံ ဆိုတဲ့စိတ်နဲ့ သွားရတာပဲ" လို့ မိခင်ဖြစ်သူဒေါ်တင်က ဆိုတယ်။

ပုံစာ - ဒေါ်တင်တို့ သားအမိ ၄ ယောက် လက်ရှိနေထိုင်သည့် တဲအိမ်။
ပုံစာ - ဒေါ်တင်တို့ သားအမိ ၄ ယောက် လက်ရှိနေထိုင်သည့် တဲအိမ်။

ပျူစောထီးတွေထောင်ထားတဲ့ မိုင်းကွင်းနဲ့ ပြောင်းခင်းတွေ၊ ချောင်း မြောင်းတွေ ကြားမှာ ၂ နာရီကျော် ကြာ ကျော်ဖြတ်လာခဲ့ပြီးနောက် လာကြိုမယ့်သူဆီ ဖုန်းနဲ့ ဆက်သွယ်လိုက်ပြီးနောက် ဒေါ်တင်တို့ မိသားစုဟာ ဇီးဖြူကုန်းကျေးရွာနဲ့ ဝေးရာဆီကို ကျောခိုင်းထွက်ခဲ့ပါတော့တယ်။ 

အခုအချိန်အခါမှာတော့ ဒေါ်တင်တို့သားအမိ ၄ ယောက်ဟာ အကိုကြီးဖြစ်သူ တော်လှန်ရေး ရဲဘော်နဲ့တွေ့ဆုံခွင့်ရခဲ့ပါပြီ။ ပုလဲမြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း သူတို့သားအမိအတွက် လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေနဲ့ ငွေကြေးတချို့ ထောက်ပံ့ပေးထားကြပါတယ်။

ပျူစောထီးလက်အောက်မှာ မနေချင်လို့ ဇီးဖြူကုန်းကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ လူဦး ရေးဟာ ၂၀၂၃ ခုနှစ် ဇွန်လကနေ ဒီဇင်ဘာလအထိ စုစုပေါင်း ၂၅ ဦးရှိသွားပြီလို့ ပုလဲမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

စစ်ကောင်စီနဲ့ ပျူစောထီးတွေ တပ်စခန်းစွဲထားတဲ့ ဇီးဖြူကုန်းရွာက ထွက်ပြေးလာတဲ့ ဒေါ်တင်က အခုလို မှတ်ချက်ပြုပါတယ်။

“ရွာမှာကျန်နေသူတွေထဲမှာလည်း ထွက်ပြေးချင်နေသူတွေအများကြီးရှိတယ်”

( ဦးရင်နဲ့ ဒေါ်တင်တို့ဟာ အမည်လွှဲတွေဖြစ်ပြီး သူတို့ရောက်နေတဲ့ နေရာကို လုံခြုံရေးအရ မဖော်ပြထားခြင်းဖြစ်ပါတယ်။ )

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #ပျူစောထီး #ပုလဲမြို့နယ် #ဇီးဖြူကုန်းရွာ #စစ်ကိုင်း #ယင်းမာပင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10