ပျူစောထီးတွေ ဓားစာခံလုပ်ဖမ်းဆီးသွားတဲ့ အိုရင်းရွာဒေသခံ ၂၀ ကျော် ၁၀ ရက်ကြာအထိမလွတ်သေး

ပျူစောထီးတွေ ဓားစာခံလုပ်ဖမ်းဆီးသွားတဲ့ အိုရင်းရွာဒေသခံ ၂၀ ကျော် ၁၀ ရက်ကြာအထိမလွတ်သေး

စစ်ကောင်စီတပ်လက်အောက်ခံပျူစောထီးတပ်ဖွဲတွေဖမ်းဆီးသွားတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ အိုရင်းရွာက ဒေသခံအရပ်သား ၂၀ ကျော်ဟာ ၁၀ ရက်ကြာ ဒီကနေ့အထိ ပြန်လည်လွတ်မြောက်လာတာမရှိသေးဘူးလို့ ရွာခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီလက်အောက်က တွင်းမရွာပျူစောထီးအင်အား ၇၀ ဝန်းကျင်ဟာ အိုရင်းရွာကို ဝင်ရောက်ပြီး ကလေးတွေအပါအဝင် အမျိုးသား၊ အမျိုးသမီး ၂၀ ကျော်ကို ဓားစားခံအဖြစ် ဖမ်းဆီးပြီး တွင်းမရွာကိုခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

“လောလောဆယ်ထိတော့ ရောက်မလာသေးဘူး၊ ကျနော်တို့လည်း စုံစမ်းနေဆဲပါပဲ။ ဒီတခါစစ်ကြောင်းကတော့ အကုန်လုံးခေါ်သွားတာ မိန်းမတွေကအစ လမ်းမလျှောက်နိုင်တဲ့ သက်ကြီးရွယ်အိုတွေကိုပါ ထမ်းစင်တွေနဲ့ ခေါ်သွားတယ် ” လို့ အိုရင်းရွာဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေမှာ အသက် ၁၇ နှစ်အပါ ကလေး ၅ ဦး၊ အသက် ၃၀ မှ ၆၀ ကျော်အတွင်းရှိ အမျိုးသား ၉ ဦးထက်မနည်းနဲ့ အသက် ၄၀ နဲ့ ၅၀ အကြား အမျိုးသမီးတွေ စုစုပေါင်း ၂၀ ဦးကျော်ဟာ တွင်းမရွာမှာ ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက အိုရင်းရွာဒေသခံတွေကိုဝင်ရောက်ဖမ်းဆီးတာဟာ ၃ ကြိမ်ထက်မနည်းရှိပြီဖြစ်ပြီး ယခင်ဖမ်းဆီးမှုတွေမှာ အမျိုးသမီး၊ကလေးနဲ့ သက်ကြီးရွယ်အိုတွေကို ဖမ်းဆီးတာမျိုးမရှိဘူးလို့ ရွာခံတွေက ပြောပါတယ်။

“အမျိုးသမီးတွေကို ဖမ်းတာကတော့ ပထမအကြိမ်လို့ပဲပြောရမယ် ။ အရင်တုန်းကတော့ သူတို့ ဖမ်းမိထားရင်တောင် မိန်းကလေးတွေကိုချန်ခဲ့တယ်၊ယောကျာ်းတွေကိုပဲခေါ်သွားတာ ဒီတခေါက်တော့ အကုန်လုံးခေါ်သွားတာ” လို့ အိုရင်းရွာခံက ဆက်ပြောပါတယ်။

ဇူလိုင်လ ၇ ရက် တွင်းမရွာပျူစောထီးတွေရဲ့ အိုရင်းရွာကိုစီးနင်းမှုအတွင်း ရွာကိုမီးရှို့ခဲ့လို့ လူနေအိမ်၂၇ လုံး မီးလောင်ပျက်စီးခဲ့ပြီးတဲ့အပြင် အသက် ၃၀ ဝန်းကျင်အရွယ် ရွာခံအမျိုးသမီး မဖြူစင်ဝင်းကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တယ်လို့ မဖြူစင်ဝင်းအလောင်းတွေ့ရှိမှုအခြေအနေတွေအရ ရွာခံတွေက ပြောဆိုထားပါတယ်။

စစ်အုပ်စုရဲ့ လူဖမ်းဆီး၊ မီးရှို့သတ်ဖြတ်မှုတွေကြောင့်  အိုရင်းရွာကဒေသခံတွေဟာ လက်ရှိအချိန်ထိ ရွာကိုစွန့်ခွာထွက်ပြေးနေရကာ ဘေးလွတ်ရာဒေသတွေမှာ နေထိုင်နေရတယ်လို့ သိရပါတယ်။

ပုံစာ - မြိုင်နှင့်ပေါက်မြို့နယ်အတွင်းပျူစောထီးတပ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည့် ပေါက်ကိုယ်တော်နှင့်ပျူစောထီးများအား တွေ့ရစဉ်(ပုံဟောင်း)။

စာတည်း − ဟိန်းစံ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10