ပျူစောထီးနဲ့ PDF တို့တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေး

ပျူစောထီးနဲ့ PDF တို့တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုရွာက ပျူစောထီးတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ဇွန် ၂၀ ရက် ဒီမနက်ပိုင်းမှာ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူပေးခဲ့တယ်လို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 

ကုက္ကိုစုရွာက ပျူစောထီးတွေဟာ ဒီမနက် ၈ နာရီလောက်မှာ သနပ်ပ္ပင်ဇင်းရွာအနီးကို မိုင်းလာထောင်ချိန် ကင်းပုန်းဝပ်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေတွေ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကြတာပါ။ 

ပစ်ခတ်မှုဖြစ်ပြီး မိနစ်ပိုင်းအကြာမှာ တံတားဦးဘက်ကနေ ဂျက်ဖိုက်တာတစီးတက်လာပြီး ပစ်ခတ်မှု ဖြစ်တဲ့ သနပ်ပ္ပင်ဇင်းရွာ အရှေ့မြောက်ဘက် စာသင်ကျောင်းအနီးကို ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

"သူတို့ဘက်က အထိနာပြီးတော့ လေယာဉ်နဲ့လာကြဲတယ်။ ပြီးတော့ ပေါက်မြို့ပေါ်ကနေလည်း ဟောင်ဝစ်ဇာနဲ့ပစ်ကူပေးတယ်။ လေယာဉ်နဲ့လာကြဲတဲ့အချိန် ကြိုတင်သတင်းရထားလို့ လူထိခိုက်တာတွေမရှိဘူး" လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ခိုက်မှုတွေအတွင်း ထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲပါ။  

ပေါက်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကလည်း ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့် သနပ်ပ္ပင်ဇင်းရွာ၊ ဆယ်ပင်းရွာ၊ ကမ်းပြိုရွာ အစရှိတဲ့‌ကျေးရွာက ဒေသခံတွေကလည်း ရွာကနေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ 

ဇွန် ၄ ရက်ကလည်း ပေါက်မြို့နယ်၊ ခင်ရှည်တောင်ရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ရာ ကျေးရွာဆေးပေးခန်း အဆောင် ၂ ဆောင်နဲ့ ဆေးပစ္စည်းတွေ ပျက်စီးသွားပြီး ကျောင်းသူတဦးဒဏ်ရာရကာ ကျွဲ၊နွားတချို့လည်း သေဆုံးခဲ့ပါသေးတယ်။ 

ပုံစာ - လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်တွေ့ရသည့် သနပ်ပ္ပင်ဇင်းရွာအနီး၀န်းကျင်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပေါက် #ပျူစောထီး #စစ်ကောင်စီ #PDF #တိုက်ပွဲ #လေကြောင်းပစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10