ပျူစောထီးမလုပ်ချင်လို့ ကာလရှည်ကြာ အိုးအိမ်စွန့်ခွါ ရှောင်တိမ်းနေသူတွေကို ငွေကြေးထောက်ပံ့

ပျူစောထီးမလုပ်ချင်လို့ ကာလရှည်ကြာ အိုးအိမ်စွန့်ခွါ ရှောင်တိမ်းနေသူတွေကို ငွေကြေးထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ပျူရွာတွေကနေ ကာလရှည်ကြာစွာ ရှောင်တိမ်းနေရတဲ့ စစ်ရှောင်တွေရဲ့ စားဝတ်နေရေးအတွက် "အဝေးရိပ် SF Bay Area Raffle Event " အဖွဲ့က အောက်တိုဘာ ၁ ရက်က ထောက်ပံပေးခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

စစ်ကောင်စီက ပျူစောထီးဖွဲ့တာကိုလက်မခံဘဲ အိုးအိမ်နဲ့လယ်ယာမြေတွေကို စွန့်ခွာလာခဲ့ကြတဲ့ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းတောင်ရွာ ဒေသခံတွေကို စားသောက်ရေးအတွက် ငွေ ၁၆၉၅၀၀၀ ကျပ်ကို အလှူရှင်တွေရဲ့ကိုယ်စား ပုလဲမြို့နယ် ပအဖအဖွဲ့ ကထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

"အဝေးရိပ်အဖွဲ့က စစ်ရှောင်တွေကို ပထမဆုံးထောက်ပံ့ပေးတာပါ။ အမြဲတမ်းစစ်ရှောင်တွေက စားသောက်ဖို့ခက်ခဲနေကြတယ်။ သူတို့ကလည်း အကူအညီတောင်းထားလို့ ထောက်ပံ့ပေးလိုက်ပါတယ်" လို့ ပုလဲ ပအဖတာဝန်ခံ ကိုဇော်ထက်က မြေလတ်အသံကိုပြောပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလအစောပိုင်းမှာ ဇီးဖြူကုန်းရွာကို စစ်ကောင်စီတပ်ဖွဲ့တွေရောက်လာချိန် နေရပ်စွန့်ခွာတဲ့ အိမ်ထောင်စု ၁၃၀ မှာ လူဦးရေ ၅၀၀ ခန့် စစ်ရှောင်လာသူတွေဖြစ်ပြီး၊ ယခင်က တောင်သူလုပ်ငန်းတွေ လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။

" နှမ်းရိတ်၊ စပါးရိတ်၊ ပေါင်းထိုး၊ မြက်ရှင်းတဲ့အလုပ်တွေ ဝမ်းရေးအတွက်လုပ်နေရတယ်။ လယ်ပိုင်ရှင်ဘဝကနေ လက်လုပ်လက်စားဘဝရောက်နေကြတယ် " လို့ ရှောင်တိမ်းလာရတဲ့ ဇီးဖြူကုန်းရွာသားတဦး က မြေလတ်အသံကို ပြောပါတယ်။

ရှောင်တိမ်းနေကြရသူတွေဟာ ဘေးလွတ်ရာတောတွင်းနေရာတွေမှာ တဲထိုးနေထိုင်ရပြီး၊ အနီးနားရှိကျေးရွာတွေမှာ ကြုံရာကျပန်းအလုပ်တွေ လုပ်ကိုင်ရင်း စားဝတ်နေရေးအတွက် ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

ပုလဲမြို့နယ်မှာ နှစ်နဲ့ချီပြီး ကာလရှည်ကြာရှောင်တိမ်းနေကြရတဲ့ ကျေးရွာတွေက ဇီးဖြူကုန်းတောင်ရွာ၊ အင်မထီးရွာ၊ ချောင်းဦးရွာ၊ တောင်ခင်ရမ်းရွာနဲ့ ကန့်သတ်ကျေးရွာတို့ ဖြစ်ပြီး စစ်ရှောင်ဦးရေ ၄၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီကျေးရွာတွေထဲမှာ ပျူစောထီးတွေနဲ့ ပျူစောထီးအဖြစ် အဓမ္မစေခိုင်းခံနေရတဲ့ ဒေသခံရွာသူရွာသား မိသားစုဝင်တွေလည်းရှိနေပြီး စစ်ကောင်စီက အထိုင်ချတပ်စွဲထားတာကြောင့် စားဝတ်နေရေးခက်ခဲတာ၊ လုံခြုံမှုမရှိတာနဲ့ ကလေးသူငယ်တွေ ပညာရေးကအစ သင်ယူဖို့ခက်ခဲနေကြတယ်လို့ ပအဖထံက သိရပါတယ်။

အဲ့ဒီကျေးရွာတွေကနေ ပျူစောထီးအဖြစ် အဓမ္မခိုင်းစေခံခဲ့ရပြီး ပျူစောထီးဆက်မလုပ်လိုသူတွေဟာ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းကစတင်ကာ ထွက်ပြေးလွတ်မြောက်လာကြပြီး ဆွေမျိုးနီးစပ်တော်စပ်သူတွေနဲ့ တခြားလုံခြုံရာတွေမှာ ရှောင်တိမ်းနေကြတယ်လို့ ပုလဲမြို့နယ်ပအဖ လူသားစာနာအဖွဲ့ထံက သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပျူစောထီး #စစ်ရှောင် #အဓမ္မခိုင်းစေ #စစ်ကောင်စီ #စစ်ကိုင်းတိုင်း #ယင်းမာပင် #ပုလဲ #ပအဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10