ပျူစောထီးအဖွဲ့ထဲမဝင်ဘဲ ရွာကထွက်ပြေးရင် အိမ်နဲ့ လယ်သိမ်းမယ်လို့ ဘုန်းကြီးဝါသဝ ခြိမ်းခြောက်

ပျူစောထီးအဖွဲ့ထဲမဝင်ဘဲ ရွာကထွက်ပြေးရင် အိမ်နဲ့ လယ်သိမ်းမယ်လို့ ဘုန်းကြီးဝါသဝ ခြိမ်းခြောက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာအချို့က ပြည်သူတွေကို ပျူစောထီးထဲမဝင်ဘဲ ရွာကနေ ထွက်ပြေးပါက အိမ်နဲ့လယ်ကို သိမ်းယူမှာဖြစ်တယ်လို့ ပျူစောထီးခေါင်းဆောင် ဘုန်းကြီးဝါသဝ က ခြိမ်းခြောက်ပြောဆိုကာ လူစုနေတယ်လို့ ထန်းကုန်းတိုက်နယ် ဒေသခံတဦးဆီက သိရပါတယ်။

ကန့်ဘလူမြို့နယ်၊ ခေါသန္တီရွာ ဘုန်းကြီးကျောင်းထဲမှာ ရေကြည်အရှေ့ရွာ၊ အနောက်ရွာ၊ အုတ်ဖို၊ အုန်းတော၊ မိုးကြိုးနဲ့ ခေါသန္တီ စတဲ့ကျေးရွာတွေက ဒေသခံတွေကို ဇွန်လ ၂၃ ရက်မှာ ခေါ်တွေ့ပြီး ဘုန်းကြီးဦးဝါသက ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

"ပျူစောထီးသင်တန်း မတက်မနေရတက်ရမယ်၊ ပျူစောထီးထဲ ဝင်ရမယ်၊ မဝင်ချင်လို့ ရွာကနေထွက်ပြေးတဲ့သူရဲ့ နေအိမ်နဲ့လယ်တွေကို သိမ်းမယ်ဆိုပြီး ရွာသားတွေကိုပြောတာ"လို့ ထန်းကုန်းတိုက်နယ်မှ ကျေးရွာသားတဦးက ပြောပါတယ်။

ဒါ့အပြင် ဦးဝါသဝ ခေါ်တဲ့ပွဲကို မတက်ရောက်တဲ့ အိမ်ထောင်စုတွေအနေနဲ့ တအိမ်ထောင်ကို ငွေ ၁ သောင်း ဒဏ်ကြေးပေးရမယ်ဆိုကာ ပျူစောထီးခေါင်းဆောင်တွေက လာခေါ်တဲ့အချိန်မှာ ပြောခဲ့တာမျိုးတွေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ပျူသင်တန်းတက်ဖို့အတွက် အရှေ့ရေကြည်ရွာ၊ အနောက်ရေကြည်ရွာ၊ အုတ်ဖိုရွာနဲ့ အုန်းတောရွာက တရွာကို လူဦးရေ  ၂၀ စီ ပေးဖို့သတ်မှတ်ပြီး၊ ခေါသန္တီရွာနဲ့ မိုးကြိုးရွာကတော့ တရွာကို ၃၀ ဦးစီ ပေးရမယ်ဆိုပြီး  သတ်မှတ်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတော့ ပျူစောထီးထဲမဝင်ချင်လို့ ရွာကထွက်ပြေးခဲ့တဲ့ မင်းကုန်းခရွာက အိမ်ထောင်စု ၅ စုရဲ့ နေအိမ်တွေကို ပျူစောထီးတွေက ရောင်းချကာ၊ လယ်တွေကိုလည်း သိမ်းယူတဲ့ ဖြစ်စဥ်တွေ ရှိခဲ့ပါသေးတယ်။ 

ပျူစောထီးထဲကို ဆန္ဒအလျောက် ဝင်ရောက်သူအများစုဟာ အဓိကအားဖြင့် ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ မဘသ အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။ 

ကန့်ဘလူမြို့နယ်ထဲမှာ ဘုန်းကြီးဝါသဝ ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေနဲ့ PDF တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်မှုတွေရှိနေပြီး စစ်ကောင်စီက ဒီကနေ့အထိ နယ်မြေစိုးမိုးနိုင်ခြင်းတော့ မရှိသေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့တွေက သုံးသပ်ကြပါတယ်။ 

ပုံစာ - ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်တွင် ကန့်ဘလူမြို့နယ်၊ မြကန်သာရွာ၌ ပြုလုပ်သည့် ပျူစောထီးသင်တန်းဆင်းပွဲတွင် မိန်းခွန်းပြောနေသည့် ဘုန်းကြီးဝါသဝ။ (ပုံဟောင်း) 

 

စာတည်း - လင်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #ပျူသင်တန်း #ဝါသဝ #ခြိမ်းခြောက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10