ပျူတွေက ကျွန်းလှနယ်ရှိ ရွာတရွာထဲ ၄ ကြိမ်မြောက်ဝင်ပြီး အိမ်တွေဖျက်ဆီး ပစ္စည်းတွေယူ

ပျူတွေက ကျွန်းလှနယ်ရှိ ရွာတရွာထဲ ၄ ကြိမ်မြောက်ဝင်ပြီး အိမ်တွေဖျက်ဆီး ပစ္စည်းတွေယူ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာရှိတဲ့ ကျောက်အိုင်ရွာကို ပျူစောထီးတွေက ဝင်ရောက်ခဲ့ပြီး အိမ်တွေဖျက်ဆီး ပစ္စည်းတွေ ခိုးယူသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။

ဇွန်လ ၁၃ ရက် မနက် ၆ နာရီဝန်းကျင်မှာ ကျောက်အိုင်ရွာထဲ ကိုပျူအင်အား ၁၀၀ ခန့်ကဆိုင်ကယ်အစီး ၄၀ ကျော်၊ ကားတစီးနဲ့ ဝင်ရောက်လာပြီး၊ အိမ်တွေဖျက်ဆီးကာ အသုံးအဆောင်ပစ္စည်းတွေကို မတရားခိုးယူသွားတာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

"အိမ်တွေမီးရှို့ဆိုပြီးတော့ ပြောဝင်လာတယ်။ ရွာသားတွေ ထွက်ပြေး​ကြလို့ ​သေနတ်တွေနဲ့လိုက်ပစ်တယ်။ ရွာထဲမှာ လူမရှိတော့မှ သူတို့စိတ်ကြိုက် အိမ်ကြီးအိမ်ကောင်းကို ရွေးဝင်တယ်။ သူတိုကြိုက်တဲ့ပစ္စည်းဆိုရင် အကုန်ခိုးသယ်ကြတယ်" လို့ အထက်ပါ တာဝန်ရှိသူကပြောပါတယ်။

ကျောက်အိုင်ရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး ယခုတကြိမ်မှာတော့ ပျူတွေက အိမ် ၂ လုံးကို ဖျက်ဆီးသလို အခြားအိမ် ၅ လုံးထဲရှိ ဆိုင်ကယ် ၄ စီး၊ ပြောင်းမျိုး ၃ အိတ်၊ စားဆီပုံးကြီး ၃ ပုံး၊ မိုးကာလိပ် ၃ လိပ် အပြင် အခြားပစ္စည်းတွေလည်း ယူသွားတယ်လို့ ကျွန်းလှဒေသခံက ပြောပါတယ်။

ဖျက်ဆီးပြီးနောက် အဲဒီ နေ့လည် ၁ နာရီလောက်မှာပဲ ပျူအဖွဲ့တွေက ပစ္စည်းတွေသယ်ယူကာ ကျွန်းလှမြို့ဘက်ပြန်သွားကြတယ်လို့ သိရပါတယ်။

"အဲ့ဒီရွာကို ဖေဖော်ဝါရီလ ၂၀၂၂ ခုနှစ်မှာ ပထမဆုံး ပျူတွေဝင်လာတုန်းက ဘာအပြစ်မှမရှိတဲ့ ရွာသား ၂ ဦးကို ရွာလယ်လမ်းမှာ ပစ်သတ်ခဲ့တယ်။ ဒုတိယနဲ့တတိယအခေါက်မှာ မဆိုးသေးဘူး။ အခု စတုတ္ထအကြိမ်မှာ ထင်ရာစိုင်းလုပ်ခဲ့ကြတယ်လို့ " ကျွန်းလှဒေသခံ တဦးကမြေလတ်အသံကို ပြောပါတယ်။

ပျူတွေက ကျောက်အိုင်ရွာကို ယခင်ကတည်းက ပျူရွာအဖြစ်ဖွဲ့ခိုင်းသလို၊ ကျေးရွာစာသင်ကျောင်းတွေ ဖွင့်ခိုင်းပေမယ့် ရွာသားတွေက မလိုက်နာကြလို့ အနိုင်ကျင့်နေတာဖြစ်နိုင်တတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

 

စာတည်း - 007

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကျွန်းလှ #ကျောက်အိုင် #ပျူစောထီး #ရွာမီးရှို့ #ဖျက်ဆီး #ခိုးယူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10