ပျူရွာကို ကင်းထောက်သွားတဲ့ ကာကွယ်ရေးအဖွဲ့ဝင်တဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

ပျူရွာကို ကင်းထောက်သွားတဲ့ ကာကွယ်ရေးအဖွဲ့ဝင်တဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်ပင်ထီး(ပျူရွာ)ကို ကင်းထောက်သွားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးဟာ ဇူလိုင်လ ၅ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ မိုင်းနင်းမိပြီး ခြေထောက် နဲ့ မေးစေ့တို့မှာ ပြင်းထန်ဒဏ်ရာရသွားတယ်လို့ Royal Eagle People Defense Force – Pale Battalion -1 အဖွဲ့ဆီက သိရပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်း (၇)၊ ပုလဲမြို့နယ်အခြေစိုက် Royal Eagle PDF အဖွဲ့ဝင်တဦးဖြစ်တဲ့ အသက် (၂၄)နှစ်အရွယ် ရဲဘော်ညှပ်စိနဲ့ အပေါင်းပါတချို့ဟာ အင်ပင်ထီး(ပျူရွာ)စခန်းကို ကင်းထောက်သွားချိန် ပျူစောထီးတွေထောင်ထားတဲ့ မိုင်းကိုနင်းမိလို့ အခုလိုဒဏ်ရာရသွားတာလို့ ဆိုပါတယ်။ 

“တပ်စိပ်လိုက်သွားတာ သူကရှေ့ကနေသွားတော့ သူတယောက်ပဲ ထိသွားတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး၊ မေးစေ့ကလည်း အထဲထိတော့ပေါက်ထွက်မသွားဘူး။ ခြေထောက်ကတော့ ဖြတ်ပစ်ရမလား၊ စတီးရိုးလောက်နဲ့ရမလား မသိသေးဘူး” လို့ Royal Eagle People Defense Force – Pale Battalion – 1 တပ်ဖွဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

မိုင်းထိသွားတဲ့ ရဲဘော်ညှပ်စိကို ဆေးခန်းပို့ဖို ငွေကြေးလုံလောက်စွာမရှိတဲ့အတွက် အသိမိတ်ဆွေတွေဆီကနေ ငွေချေးယူပြီး ဆေးကုသမှုခံယူနေတယ်လို့လည်း ဆိုပါတယ်။ အလားတူ တိုက်ပွဲမှာလက် နက်ထိမှန်ပြီး ဒဏ်ရာရထားတဲ့ ရဲဘော်တဦးမှာလည်း ကျန်းမာရေး ပြန်လည်ကောင်းမွန်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

“ကိုယ့်နယ်မှာ ဆေးပစ္စည်းမစုံတော့ တခြားမြို့နယ်ကို ပိုက်ဆံချေးငှားပြီး ပို့ရတယ်။ စခန်းထဲမှာလည်း တိုက်ပွဲထဲမှာ ထိခိုက်ဒဏ်ရာရထားတဲ့ ရဲဘော်တယောက်ကလည်း အရင်လိုပြန်မကောင်းသေးဘူး” လို့  REPDF တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဇွန်လ ၃၀ ရက်နေ့က Royal Eagle People Defense Force တပ်ဖွဲ့ဟာ သူတို့ထုတ်လုပ်ထားတဲ့ ၅၀ မမ ၉ လုံးတွဲ နဲ့ ဇီးဖြူကုန်း (ပျူရွာ)ကို အလုံးရေ ၁၀ လုံးကျော်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပုလဲ #ပျူစောထီး #ကင်းထောက် #PDF #ကျန်းမာရေး #ကုသရေး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10