ပြည်ခရိုင်မှာ စစ်မှုထမ်းငှားဖို့ဆိုပြီး အုပ်ချုပ်ရေးမှူးတွေက ဒေသခံတွေကို ခြိမ်းခြောက်ငွေတောင်းနေ

ပြည်ခရိုင်မှာ စစ်မှုထမ်းငှားဖို့ဆိုပြီး အုပ်ချုပ်ရေးမှူးတွေက ဒေသခံတွေကို ခြိမ်းခြောက်ငွေတောင်းနေ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ်နဲ့ ပန်းတောင်မြို့နယ်က ကျေးရွာအုပ်စုတွေမှာ ဇွန်လနောက်ဆုံးပတ်ကစတင်ပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းငှားဖို့ဆိုကာ ဒေသခံပြည်သူတွေကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ပြီး ငွေတောင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပန်းတောင်းမြို့နယ်ထဲက တုံကင်း၊ စမ်းဝ၊ ကုန်းကလေးနဲ့ ထောက်ကြံ့ကုန်းအုပ်စုတွေမှာ စစ်မှုထမ်းငှားဖို့ အခုဇူလိုင်လကနေ စက်တင်ဘာလအထိ ၃ လတာအတွက် တအုပ်စုကိုကျပ်သိန်း ၃၀ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

“တအုပ်စုကို သိန်း ၃၀ တောင်းတာက သုံးလအတွက် အိမ်ထောင်တစုကို ၁၈၀၀၀ ကျလို့ အခုလ(ဇူလိုင်) ၂ ရက်က ပေးရတာ။ ဒီသုံးလပြီးရင် နောက်တခါထပ်စုမယ်ပြောတယ်။ မပေးနိုင်တဲ့အိမ်က စစ်မှုထမ်းရမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးကပြောလို့ ပေးကြရတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

အခုပေးလိုက်ရတဲ့ သိန်း ၃၀ ဟာ စစ်မှုထမ်းမယ့်သူငှားဖို့အတွက်သာဖြစ်ပြီး အဲ့လူတွေကိုထောက်ပံ့ဖို့ အောက်တိုဘာလက စတင်ကာ နောက်ထပ်တအိမ်ထောင်ကို လစဥ် ငွေကျပ် ၆ ထောင်ပေးရမယ်လို့လည်း သူကဆက်ပြောပါတယ်။ 

အလားတူ ပြည်မြို့နယ်က အိမ်ထောင်စု ၅၀၀ ဝန်းကျင်ရှိတဲ့ မြွေရိုးအုပ်စုမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားအရွယ်တွေရှိတဲ့ အိမ်ထောင်စုတွေမှာလည်းတစုကို ကျပ် ၃ သောင်းခွဲ‌တောင်းပြီး စစ်မှုထမ်းရမယ့်အသက်အရွယ်မရှိတဲ့ အိမ်ထောင်စုတစုကိုတော့ ကျပ် ၂ သောင်းတောင်းခဲ့တယ်လို့ ပြည်မြို့ခံတဦးက ပြောပါတယ်။ 

“ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်က နောက်ဆုံးထားပြီး အုပ်ချုပ်‌ရေးမှူးကသတ်မှတ်ထားတဲ့ သူတွေဆီကို သွားပေးရတာ။ မပေးတဲ့အိမ်ကို စစ်တပ်နဲ့ ဝိုင်းမယ်ဆိုပြီးခြိမ်းခြောက်တော့ ကြောက်ပြီး ပေးရတာပေါ့” လို့  ပြည်မြို့ခံတဦးက ပြောပါတယ်။

အင်အားချိနဲ့လာတဲ့ စစ်ကောင်စီဟာ လက်ရှိမှာနိုင်ငံတဝှမ်းစစ်မျက်နှာဖွင့်နေရပြီး သေဆုံးသူထွက်ပြေး သူတွေနဲ့ လက်နက်ချသူတွေရှိလာတဲ့အတွက် စစ်သားလိုအပ်ချက်ရှိနေတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်ကစတင်ကာ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းခဲ့ပြီး နည်းမျိုးစုံနဲ့  စစ်သားစုဆောင်းနေတာလည်း ဖြစ်ပါတယ်။

ပုံစာ - ပန်းတောင်းမြို့နယ်ထဲက စစ်မှုထမ်းများကို ဆေးစစ်နေမှုမြင်ကွင်း။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပြည်ခရိုင် #စစ်မှုထမ်း #ခြိမ်းခြောက်ငွေတောင်း #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10