ပြည်ခရိုင်မှာ စစ်ကောင်စီက နေ့ရောညပါ ပေါ်တာဆွဲနေလို့ ဒေသခံတွေကြောက်လန့်နေရ

ပြည်ခရိုင်မှာ စစ်ကောင်စီက နေ့ရောညပါ ပေါ်တာဆွဲနေလို့ ဒေသခံတွေကြောက်လန့်နေရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်အတွင်းက မြို့နယ်တွေနဲ့ ကျေးရွာတွေဘက်မှာ စစ်ကောင်စီစစ်မှုထမ်းသင်တန်းအတွက် လူငယ်တွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးနေတာကြောင့် ဒေသခံတွေစိုးရိမ်နေကြရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၃၀ ရက် ည ၁၂နာရီဝန်းကျင်က ပြည်မြို့၊ကုတင် ၅၀၀ ဆေးရုံကြီးမှာ လူနာစောင့်နေတဲ့ အမျိုးသား ၂ ဦးဟာ ဆေးရုံဝန်းထဲက စျေးဆိုင်မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာကိုခံလိုက်ရတယ်လို့ ဆိုပါတယ်။

အဆိုပါအမျိုးသား ၂ ဦးအနက် အသက်ကြီးပိုင်းအမျိုးသားကို ဆေးရုံဝန်းထဲမှာပဲ စစ်ဆေးပြီးနောက် အောက်တိုဘာ ၁ ရက် မနေ့ မနက်အစောပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပေမယ့် ကျန်လူငယ်အမျိုးသားကို ဆက်လက်ဖမ်းဆီးထားကာ ၎င်းကိုဖမ်းဆီးထားတဲ့နေရာကို မသိရသေးဘဲ စစ်မှူထမ်းဖို့အတွက် ဖမ်းဆီးသွားတာဖြစ်နိုင်တယ်လို့ ပြည်မြို့ခံတဦးက ပြောပါတယ်။

အလားတူ စက်တင်ဘာ ၃၀ရက် နေ့လယ်ပိုင်းက ပေါင်းတလည်မြို့၊ ပေါက်တောကျေးရွာမှာ ငါးရှာနေတဲ့အသက် ၂၀ ကျော်အရွယ် လူငယ် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့ပြီး ဘယ်ကို ဖမ်းသွားတယ်ဆိုတာကလည်း အခုချိန်အထိ စုံစမ်းလို့မရသေးဘူးလို့ ဒေသခံတဦးက ဆိုပါတယ်။

"ခုစစ်ကောင်ပေါ်တာဆွဲတာ ဖမ်းဆီမှုလုပ်ဆောင်နေတာဟာ ပြည်မြို့နားကပ်လာပြီလေ မြို့ပေါ်ကို ဘယ်နေ့ရောက် လာမလဲဆိုပြီး စိုးရိမ်နေကြရပါတယ်” လို့ ပြည်ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၉ ရက်မနက်ပိုင်းကလည်း ပြည်မြို့နယ် ဝက်ထီးကန်မြို့ စက်သုံးဆီဆိုင်မှာ ဆိုင်ကယ်ဆီဖြည့်နေတဲ့ ကျောသာအုပ်စုရွာသား အသက် ၂၀ ဝန်းကျင်ရှိ ဘညိုကြီးနဲ့ ဖိုးလပြည်ဆိုတဲ့ လူငယ် ၂ ဦး ကို စစ်ကောင်စီအဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့ပြီး ယနေ့အထိ မိသားစုနဲ့အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ် ။

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်တွေက နေခင်းဘက်တွေမှာ ပေါ် တာဝင်ဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံလူငယ်တွေ ထွက်ပြေးနေကြရတယ်လို့လည်း ပြည်ခရိုင်တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

စက်တင်ဘာ ၂၈ ရက်မှာလည်း စစ်ကောင်စီက ပြည်ခရိုင်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ကာ ရပ်ကွက်အခြေပြု ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းဖို့ ရပ်ကွက် ၁ ခုကို လူ ၄ ဦးနှုန်းပေးရမှာဖြစ်ကြောင်းနဲ့  အဲ့ဒီ ပြည်သူ့လုံခြုံရေးထမ်းဆောင်သူတွေရဲ့ လစာနဲ့ကုန်ကျ စရိတ်အတွက် သက်ဆိုင်ရာရပ်ကွက်ကျေးရွာတွေက ကုန်ကျခံရမှာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့  ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ ပေါက်ခေါင်းမြို့နယ်အခြေစိုက် ခလရ ၅၃ တပ်ရင်းမှာ ပြည်သူ့လုံခြုံရေးဖွဲ့စည်းမယ့်သူတွေကို စတင်စစ်သင်တန်းပေးနေပြီဖြစ်ကာ သင်တန်းကာလ ၂ လသတ်မှတ်ထားတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#စစ်ကောင်စီ #စစ်မှုထမ်း #ပေါ်တာဆွဲဖမ်းဆီးမှု #ဒေသခံတွေ #စိုးရိမ်နေရ #ပြည်ခရိုင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10