ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဌဟောင်း ကိုကျော်ရဲသူ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ

ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဌဟောင်း ကိုကျော်ရဲသူ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဌဟောင်း ကိုကျော်ရဲသူကို စစ်ကောင်စီက အကြမ်းဖက် ပုဒ်မ ၂ ခုနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်တယ်လို့  ကျောင်းသားသမဂ္ဂရဲဘော်တဦးဆီက သိရပါတယ်။

သဲကုန်းမြို့နယ်၊ ဝက်ပုတ်အုပ်စု၊ ဈေးတန်းရပ်ကွက်၊ ရွှေတမာလမ်းက အသက် ၂၅ နှစ်အရွယ် ကိုကျော်ရဲသူဖြစ်ပြီး ဒီဇင်ဘာ ၂၆ ရက်က အကြမ်းဖက်ပုဒ်မ ၅၂(က)နဲ့ ထောင် ၅ နှစ်၊ ၅၀(ည)နဲ့  ထောင် ၁၀ နှစ်ကို နတ္တလင်း ခရိုင်တရားရုံးကနေ အမိန့်ချခဲ့တာလို့ ဆိုပါတယ်။

”၂ မှုပေါင်းကို ထောင် ၁၅ နှစ်ချတာ။ အဲ့ဒီနေ့ပဲ အရင်ချုပ်ထားတဲ့ ပေါင်းတည်ထောင်ကို မထားတော့ဘဲ ပြည်ထောင်ကို တန်းပို့တယ် “ လို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တဦးက ပြောပါတယ်။

ကိုကျော်ရဲသူကို  အခုနှစ် သြဂုတ် ၇ ရက်က ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ ဝက်ပုတ်အုပ်စု၊ ဈေးတန်းရပ်ကွက်၊ ရွှေတမာလမ်း နေအိမ်မှာ စစ်တပ်က ဖမ်းဆီးခဲ့တာလို့ ဒေသခံတဦးက ဆိုပါတယ်။

”သူ(ကိုကျော်သူ)က ပင်လယ်စာဆိုင်ဖွင့်ပြီး အေးဆေးနေတာကို လင်မယား ၂ ယောက်လုံးကို ညဘက်လာ ဖမ်းသွားတာ။ သူ့မိန်းကတော့ ၂ ရက်လောက်အကြာမှာ ပြန်လွှတ်ပေးတယ်။ ကိုယ်ဝန်ကြီးနဲ့လေ။ အခုသူ့မိန်းမက မီးဖွားကာ နီးနေပြီ” လို့  ဝက်ပုတ်ရွာက ဒေသခံတဦးက ပြောပါတယ်။

၂၀၂၀ နိုဝင်ဘာကလည်း ကိုကျော်ရဲသူဟာ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့  ပေါင်းတည်အကျဥ်းထောင်မှာ ၁ နှစ် ကျော်ကြာ ဖမ်းဆီးခံရပါသေးတယ်။ 

အလားတူ  ပြည်ခရိုင်ကျောင်းသားသမဂ္ဂဥက္ကဌဟောင်း ကိုစိုးမြတ်မင်းကိုလည်း နွေဦးတော်လှန်ရေးမှာ ပါဝင်တယ်လို့ဆိုကာ ပြီးခဲ့တဲ့နှစ် မတ်လဝန်းကျင်က စစ်ကောင်စီက ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်ကာ ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ဒီဇင်ဘာ ၂၇ ရက် မနေ့က ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးချိန်ကစလို့  နိုင်ငံတဝန်းက ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၂၅,၆၃၀ ဖမ်းဆီးခံရပြီး အဲ့ဒီအထဲက ၁၉,၈၃၂ ဦးမှာ ထိန်းသိမ်းခံနေရကာ ၈,၄၀၃ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

ပုံစာ - ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရသည့် ကိုရဲကျော်သူ (ပုံဟောင်း)။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပြည်တက္ကသိုလ် #ကိုကျော်ရဲသူ #စစ်ကောင်စီ #အကြမ်းဖက်ပုဒ်မ #ထောင်ဒဏ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10