ပြည်နဲ့ နတ်မောက်မှာ ၁ ရက်တည်း အုပ်ချုပ်ရေးမှူး ၂ ဦးနဲ့ ရာအိမ်မှူးလင်မယား သေနတ်ပစ်ခံရပြီး သေဆုံး

ပြည်နဲ့ နတ်မောက်မှာ ၁ ရက်တည်း အုပ်ချုပ်ရေးမှူး ၂ ဦးနဲ့ ရာအိမ်မှူးလင်မယား သေနတ်ပစ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်နဲ့ ပဲခူးတိုင်း၊ ပေါင်းတလည်မြို့တွေမှာ ဇန်နဝါရီ ၇ ရက် မနေ့က ၁ ရက်တည်း စစ်ကောင်စီလက်အောက်အုပ်ချုပ်ရေးမှူး ၂ ဦးနဲ့ ရာအိမ်မှူးလင်မယား သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

သေဆုံးသူတွေမှာ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ ဗြူးကုန်းအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးနဲ့ အုတ်ဆွဲအုပ်စု၊ ရေကြည်ကုန်းရွာက ရာအိမ်မှူး ချက်ဖောင်း(ခ)ဇော်မင်းဦးနဲ့ ၎င်းရဲ့ဇနီးဖြစ်သူတို့ဖြစ်ပြီး ဇန်နဝါရီ ၇ ရက် မနေ့မနက်ပိုင်းမှာ အသီးသီးပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

“ အဖွဲ့  ၂ ဖွဲ့ခွဲပြီး သွားလုပ်တာပါ **တွေလိုက်လို့ရှိရင် ဘယ်လိုက်ရမှန်းမသိအောင် အချိန်တိုက်ပြီးလုပ်တာ။ အောင်နိုင်ဦးကတော့ ခြံဝန်းတံခါးပိတ်ထားလို့ အိမ်အပြင်က လှမ်းပစ်တာကို အိမ်နောက်ဘက်ထွက်ပြေးလို့ လှမ်းပစ်တာမှာ မှန်ပြီးလဲကျကျန်ခဲ့တာ။”လို့  ၃၆၀၁ PPDF တပ်ရင်း၊ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံက ပြောပါတယ်။

ဗြူးကုန်းအုပ်စုအုပ်ချုပ်ရေးမှူးကို သူ့ရဲ့နေအိမ်မှာပစ်ခတ်ခဲ့တာဖြစ်ပြီး ရေကြည်ကုန်းရွာ ရာအိမ်မှူးနဲ့ဇနီးဖြစ်သူတို့ကို ၎င်းတို့နေအိမ်အနီး မီးသွေးဖိုမှာ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ရာအိမ်မှူး ချက်ဖောင်းဟာ ၎င်းနေထိုင်တဲ့ အုတ်ဆွဲအုပ်စုအတွင်း PDF ကို ဂရုမစိုက်ဘူးဆိုကာ ကြွေးကြော်ပြီး ပြည်သူတွေအပေါ်အနိုင်ကျင့်တာ၊ ရဲတွေနဲ့ပေါင်းပြီး  လူငယ်တွေရှိတဲ့နေအိမ်တွေကို ငွေညှစ်တောင်းခံတာ၊ PDF ကိုအားပေးတယ်ဆိုကာ ဒေသခံတွေကိုဖမ်းဆီးပြီး ငွေနဲ့ပြန်ရွေးခိုင်းတာတွေကြောင့် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးမှူးကိုအောင်နိုင်ဦးကိုလည်း အုပ်ချုပ်ရေးမှူးတာဝန်မှ နုတ်ထွက်ပြီး စစ်ကောင်စီနဲ့မပေါင်းဖို့  ၃ ကြိမ်တိုင်ဖုန်းဆက်သတိပေးပေမယ့် နုတ်ထွက်ခြင်းမရှိဘဲ စစ်မှုထမ်းစုဆောင်းပေးတာ၊ ပေါ်တာဆွဲရာတွင်လိုက်ပါတာနဲ့ ကျေးရွာအုပ်စုအတွင်း ပြည်သူတွေဆီကနေ စစ်မှုထမ်းအကြောင်းပြပြီး ၁ အိမ်ထောင် ၁ လ ကျပ် ၃၀,၀၀၀ မှ ၅၀,၀၀၀ အထိ တောင်းခံပြီး စစ်ကောင်စီဆီကို ငွေရှာပေးနေသူဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အုတ်ဆွဲအုပ်စုအနီးမှာ နေထိုင်သူတဦးကလည်း ”အုတ်ဆွဲအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးလင်မယားကို သတ်သွားတာကြားပါတယ်။ အဲဒီ ၂ ရွာက ၁ ရွာနဲ့ ၁ ရွာ ၅ မိုင်လောက်ဝေးတယ်။ ရေကြည်ကုန်းကတော့ ပေါင်းတလည်နဲ့နီးတယ်။” လို့ ပြောပါတယ်။ 

အလားတူ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ အိုင်ဇောက်ကျေးရွာက အသက် ၅၀ ကျော်အရွယ် စစ်ကောင်စီလက်အောက်အုပ်ချုပ်ရေးမှူး ဦးဘိုဝင်း ဇန်နဝါရီ ၇ ရက် ယမန်နေ့ ညနေ ၄ နာရီကျော်မှာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်မှုထမ်းကိစ္စနဲ့ပြည်သူကို အကြပ်မကိုင်ဖို့ သတိပေးခဲ့ပေမယ့် မလိုက်နာတာကြောင့်  အုပ်ချုပ်ရေးမှူးကို ၎င်းရဲ့နေအိမ်မှာ ပစ်ခတ်ခဲ့တာလို့ နတ်မောက်မြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

" ရွာထဲကပြည်သူတွေကို သူ့အိမ်မှာခေါ်ခေါ်ပြီး စစ်မှုထမ်းနဲ့ပတ်သက်ပြီး အစည်းအဝေးလုပ်တယ်။ သန်းခေါင်စာရင်းကောက် အစည်းအဝေးခေါ်တယ်။ သူနဲ့ပူးပေါင်းဖို့ ပြည်သူကို အကြပ်ကိုင်တာရှိတယ်။ ကျနော်တို့ဘက်က အကြိမ်ကြိမ်အခါခါသတိပေးတယ်။ မရလို့ ရှင်းလိုက်တာ။"လို့ နတ်မောက်မြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

သေဆုံးသူ အုပ်ချုပ်ရေးမှူး ဦးဘိုဝင်းဟာ စစ်အာဏာသိမ်းပြီးမှာ စစ်ကောင်စီကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပြီး ၎င်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သတင်းပေးဖမ်းဆီးခိုင်းတာကြောင့် CDM ပညာရေးဝန်ထမ်း၊ PDF အဖွဲ့ဝင်အချို့နဲ့ ရွာခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်ကလည်း  နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးဝင်း ကျေးရွာအနီးလယ်ကွင်းမှာ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#နတ်မောက် #ပေါင်းတလည် #အုပ်ချုပ်ရေးမှူး #ရာအိမ်မှူး #ပစ်ခတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10