ပြည်ပရောက်မြန်မာတွေက ပုလဲနယ်ရှိ မီးဘေးသင့်ပြည်သူတွေကိုထောက်ပံ့လှူဒါန်း

ပြည်ပရောက်မြန်မာတွေက ပုလဲနယ်ရှိ မီးဘေးသင့်ပြည်သူတွေကိုထောက်ပံ့လှူဒါန်း

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ပုလဲမြို့နယ်က မီးဘေးသင့်ပြည်သူတွေကို ပြည်ပရောက်မြန်မာတွေက မီးဖိုချောင်းသုံးပစ္စည်းနဲ့ရိက္ခာတွေ မေလ ၄ ရက်မှာ ထောက်ပံလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။


ပုလဲနယ်မှာ ဧပြီလဒုတိယပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ မီးရှို့ခဲ့လို့ မီးဘေးသင့်ခဲ့တဲ့ရွာအတွက် မရှိမဖြစ်လိုအပ်တဲ့ မီးဖိုချောင်သုံးပစ္စည်းတွေဝယ်ယူလှူဒါန်းရတာလို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောပါတယ်။



မီးဘေးသင့်ပြည်သူတွေပြန်လည်ထူထောင်ရေးအတွက် ပြည်ပရောက်မြန်မာတွေအနေနဲ့ သင်္ကြန်ကာလတုန်းက လမ်းလျှောက်သင်္ကြန်ရံပုံငွေဖျော်ဖြေပွဲမှာ ရရှိတဲ့အလှူငွေတွေကို အညာပစ်တိုင်းထောင်အဖွဲ့ဆီ ပေးပို့လှူဒါန်းခဲ့ပါတယ်။


"ကျနော်တို့အိမ်ကို မီးရှို့ခံရရင် ဘာတွလိုအပ်မလဲဆိုတာ စဥ်းစားမိလို့ ဒီပစ္စည်းတွေလှူဖြစ်တာဗျ။ မီးရှို့ခံရလို့ နေစရာမရှိတာက ဖြစ်သလိုနေလို့ရတယ်။ လူတွေက အသက်ရှင်ဖို့ နေ့တိုင်းစားနေရတာဗျ။ စားဖို့အတွက် ချက်ပြုတ်ရမဲ့အိုးခွက်တွေကအစ လိုအပ်နေတာကြောင့် လှူဖြစ်တာ"
လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှာ ပါဝင်လုပ်ကိုင်နေသူ မဖူးပွင့်ဝေ ကပြောပါတယ်။


အခုလှူဒါန်းတဲ့ပစ္စည်းတွေက ဒန်အိုး၊ ဒယ်အိုး၊ ဇလုံ၊ ဇွန်းအကြီး၊ ဇွန်းအသေး၊ သောက်ရေခွက်၊ ငါးသေတ္တာ၊ ဆီနဲ့ အဝတ်အထည်အပါ ပစ္စည်း ၉ မျိုးကို အိမ်ထောင်စု ၁၀၄ အိမ်ထောင်အတွက် တန်ဖိုး ၂၅ သိန်းကျော်လှူဒါန်းခဲ့ပြီး၊ အတော်ကျပ်တည်းခက်ခဲနေတဲ့ မိသားစု ၇ စုကိုလည်း သီးခြားအနေနဲ့တတ်နိုင်တဲ့ဘက်က ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့အနေနဲ့ တခြားသောအဖွဲ့အစည်းတွေရဲ့လက်အောက်ခံအဖွဲ့မဟုတ်ဘဲ အညာဒေသမှာရှိတဲ့လူငယ်တွေက စုပေါင်းတည်ထောင်ထားတဲ့ လွတ်လပ်တဲ့အဖွဲ့တခုဖြစ်ပြီး ပြည်တွင်းပြည်ပအလှူရှင်တွေရဲ့ ဆန္ဒကိုလုပ်ကိုင်ပေးနေသလို အဖွဲ့အနေနဲ့လည်းတတ်နိုင်သလောက် ကူညီထောက်ပံ့နေတယ်လို့ မဖူးပွင့်ဝေက ဆိုပါတယ်။


စာတည်း-လင်းဇေ
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10