ပြည်-ပေါက်ခေါင်းလမ်းမှာ စစ်တပ်ရိက္ခာကားတန်းတိုက်ခိုက်ခံရလို့ စုစုပေါင်း ၁၁ ဦး သေဆုံး (ရုပ်/သံ)

စစ်ကောင်စီရဲ့ ရိက္ခာတင်ကားတန်းကို ပြည်-ပေါက်ခေါင်းကားလမ်းလမ်းပိုင်းမှာ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးအပါ ၁၁ ဦးသေဆုံးခဲ့ပါတယ်။

ပဲခူးတိုင်း၊ ပြည်မြို့ဘက်ကနေ ပေါက်ခေါင်းမြို့ဘက်ကို ရိက္ခာထုတ်ပြီးပါလာတဲ့ ပေါက်ခေါင်းအခြေစိုက် ခလရ ၅၃ တပ်က စစ်တပ်ဖောကား ၁ စီးအပါ ၂ စီးကို ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၅ နာရီခန့်မှာ ပေါက်ခေါင်းမြို့နယ်၊ တောင်ဇင်းဝတောင်ကြောမှာ PDF တွေဘက်က အသင့်စောင့်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာပါ။

"ကျနော်တို့ဘက်က စစ်ကြောင်းထိုးပြီး ပစ်ခတ်တိုက်ခိုက်တာပါ။ မိုင်းဆွဲတာမဟုတ်ဘူး။ ပစ်ခတ်မှုက ၁၅ မိနစ်လောက်ကြာတယ်။ ကျနော်တို့ပစ်လိုက်တဲ့ ၅ မိနစ်လောက်အကြာမှာပဲ ဆီပေပါတွေ ထပွင့်တယ်။ မီးထလောင်တယ်။"လို့ ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောပါတယ်။ 

ဆီပေပါများမီးလောင်ပေါက်ကွဲပြီးနောက် ကျည်နဲ့ဗုံးသီးတွေ မီးလောင်ပေါက်ကွဲနေတာကြောင့် လက်နက်တွေမကောက်နိုင်ဘဲ မီးမလောင်သေးတဲ့ ကျည်နဲ့ဗုံးသီးအချို့သာ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်သားတွေနဲ့ စစ်သူနာပြုတွေပါလာတဲ့ စစ်တပ်ဖောကား ၁ စီးနဲ့ ရိက္ခာတွေတင်လာတဲ့ အရပ်သားကား ၁ စီးပါဝင်ကာ စုစုပေါင်း ၁၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

"ကားက ၂ စီး တပ်က ၁ စီး၊ အရပ်ကား ၁ စီး။ အရပ်ကား ၁ စီးကသပ်သပ် သူ့ဘာသာလာရင်းနဲ့ မှားလုပ်မိတာထင်တယ်။ ကွေ့မှာဖြစ်တာ အရပ်သားကားကကျော်လည်းတက်ကော ဟိုကဖြစ်တာနဲ့သွားတိုးတာ။ တပ်ကားက သပ်သပ်ရိက္ခာနဲ့ တပ်ကားနဲ့လာတာ။ အရပ်သားကား ထပေါက်တဲ့အရှိန်နဲ့ သေကြတာ။"လို့ ဒေသခံတဦးက ပြောပါတယ်။

တိုက်ခိုက်ခံရမှုမှာပါဝင်တဲ့ အရပ်သားကား ၁ စီးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူပါလာတဲ့ကားဖြစ်တယ်လို့ PDF ဘက်ကပြောသလို ဒေသခံတွေကတော့ တောင်လယ်ကျေးရွာကိုပြန်မယ့် စျေးဝယ်ပြန်လာတဲ့ ကားဖြစ်တယ်လို့ ပြောဆိုနေတာကြောင့် သီးခြားအတည်ပြုနေဆဲဖြစ်ပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ခလရ ၅၃ တပ်က အရာခံဗိုလ် ၁ ဦး၊ ဆေးသူနာပြု အမျိုးသမီး ၂၊ တပ်သား ၆ ဦး၊ တောင်လယ်ကျေးရွာနေ အရပ်သား အမျိုးသား ၂ ဦး(အတည်ပြုနေဆဲ) စုစုပေါင်း ၁၁ ဦးသေဆုံးခဲ့တာပါ။

စစ်တပ်ဖောကားကတော့ ၁ စီးလုံးမီလောင်းပျက်စီးကာ လက်နက်နဲ့ရိက္ခာအားလုံး ပေါက်ကွဲပျက်စီးခဲ့သလို အရပ်သားကားကတော့ ခေါင်းပိုင်းမီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်မှာပါဝင်သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးနဲ့ အရပ်သား ၂ ဦးအပါ စုစုပေါင်း ၁၁ ဦးထဲက အချို့ကို ဖေဖော်ဝါရီ ၁၉ ရက်ဒီကနေ့ ပေါက်ခေါင်းမြို့ အေးချမ်းရာသုဿန်မှာ မီးသင်္ဂြိုဟ်ခဲ့ပြီးတချို့ကိုတော့ ရွှေတောင်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံမှာ စစ်ဆေးသင်္ဂြိုဟ်လိုက်ပါတယ်။

တိုက်ခိုက်ခံရတဲ့ တောင်ကြောတလျှောက်ကို ဖေဖော်ဝါရီ ၁၉ ရက်မှာ စစ်တပ်ဘက်က စစ်ကြောင်းထိုးဖို့ပြင်ဆင်နေပြီး ပေါက်ခေါင်းမြို့ထဲနဲ့ ပြည်-ပေါက်ခေါင်းလမ်းပိုင်းမှာတော့ ပုံမှန်အခြေနေအတိုင်းရှိနေတယ်လို့ သိရပါတယ်။

မီးလောင်ပျက်စီးသွားတဲ့ ကား ၂စီးကိုတော့ ဒီမနက် အစောပိုင်းမှာ စစ်ကောင်စီဘက်က ပေါက်ခေါင်းမြို့ ခလရ ၅၃ အုတ်ပုံစစ်တပ်ထဲကို သယ်ယူသွားကြတယ်လို့ သိရပါတယ်။

စစ်ရေးအရှိန်မြှင့်တင်နေပြီဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် စားနပ်ရိက္ခာပစ္စည်းတွေနဲ့ ဆိုင်ကယ်၊ ကားတွေကို ငှားရမ်းတာ ကုန်ပစ္စည်းတွေကိုတင်ဆောင်လိုက်ပို့တာတွေ မလုပ်ဖို့ ၃၆၀၁ တပ်ရင်း PPDF က သတိပေးတိုက်တွန်းထားပါတယ်။

စာတည်း- ဈာန်မြင့်

#မြေလတ်အသံ

#ပြည်ပေါက်ခေါင်းလမ်း #စစ်တပ်ရိက္ခာကားတန်း #တိုက်ခိုက် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10