ပြည်မြို့က ခရီးသွားအမျိုးသားတဦးမှာ မျောက်ကျောက်ရောဂါသံသယတွေ့လို့ ခေါ်ယူစစ်ဆေးထား

ပြည်မြို့က ခရီးသွားအမျိုးသားတဦးမှာ မျောက်ကျောက်ရောဂါသံသယတွေ့လို့ ခေါ်ယူစစ်ဆေးထား

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့၊ နဝင်းကွက်သစ်(ကျောက်ခြံ)ကနေ ခရီးသွားတဲ့အမျိုးသားတဦးမှာ မျောက်ကျောက်ရောဂါနဲ့ပတ်သက်တဲ့ သံသယဖြစ်ဖွယ်လက္ခဏာတွေ တွေ့ရှိတဲ့အတွက် ကျိုက်ထိုဆေးရုံမှာ ခေါ်ယူစစ်ဆေးလျှက်ရှိတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

စက်တင်ဘာ ၅ ရက် နေ့လယ် ၂ နာရီခွဲ‌လောက်က ဘားအံမြို့ကနေ ရန်ကုန်ဘက်ကိုမောင်းလာတဲ့ "ရွှေမြန်မာ" ခရီးသည်တင် မှန်လုံယာဉ် ခုံအမှတ် ၃၄ မှာ လိုက်ပါလာတဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားတဦးမှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ 

အဲဒီအမျိုးသားရဲ့ မျက်နှာ၊ လက်နဲ့ ခြေထောက်တွေမှာ မျောက်ကျောက်လက္ခဏာနဲ့ဆင်တဲ့ အရည်ကြည်အဖုထွက်တာမျိုးတွေ့ရပြီး ပါးစပ်မှာထွက်တာမျိုးမရှိသလို ဖျားနာတာ၊ အကြိတ်ထွက်တာတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

“သေချာအောင် အနာရဲ့ အရည်ကိုယူပြီး စစ်ဆေးဖို့ပို့ထားပါတယ်။ အဖြေထွက်မှ အတည်ပြုမယ်။ တခြားရောဂါတွေလည်း ဖြစ်နိုင်သေးတယ်။ အဖြေကိုစောင့်ကြည့်နေပါတယ်။” လို့ ကျိုက်ထိုဆေးရုံက လက်ထောက်ဆရာဝန်ကြီးက ပြောပါတယ်။

မျောက်ကျောက်ရောဂါဟာ ကူးဆက်လွယ်တဲ့အတွက် အနာတွေကိုထိတာကိုင်တာမျိုးမလုပ်ဘဲ အဝေးမှာနေပေးရမှာဖြစ်ပြီး လူကောင်းတဦးကူးဆက်ခံရပါက အသက်အန္တရာယ် ဆုံးရှုံးနိုင်တာမျိုး မဖြစ်နိုင်ပေမယ့် ကျောက်ကပ်၊ ဆီးချို စတဲ့ရောဂါအခံတွေရှိသူကူးစက်ပါက ပြင်းထန်နိုင်တယ်လို့လည်း ဆိုပါတယ်။ 

အဲ့ဒီအမျိုးသားတဦးကိုသာ လက်ရှိမှာ ခေါ်ယူစစ်ဆေးနေပြီး ကားနဲ့အခြားလိုက်ပါလာသူတွေကိုတော့ ခေါ်ယူစစ်ဆေးထားတာမရှိဘူးလို့ သိရပါတယ်။ 

ကျိုက်ထိုမြို့ခံ အမျိုးသမီးတဦးကတော့ အဲ့ဒီအမျိုးသားဟာ မြဝတီမြို့က ပြန်လာတာလို့ဆိုပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။  

ပြည်မြို့က ကျန်းမာရေးဝန်ထမ်းတွေနဲ့ နီးစပ်သူတဦးကို မေးမြန်းရာမှာတော့ ပြည်မြို့နယ်အတွင်း မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး  ဗီနိုင်းတွေကပ်ကာ အသိပညာပေးတာမျိုးတော့ရှိပြီး ရောဂါဖြစ်ပွားတာမျိုး မကြားမိသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း ထားဝယ်မြို့က အသက် ၅၀ ကျော်အမျိုးသမီးတဦးမှာ  ‌မျောက်ကျောက်ရောဂါ သံသယလူနာအဖြစ်တွေ့ရှိခဲ့ပါသေးတယ်။

အဲ့ဒီအမျိုးသမီးဟာ ပြီးခဲ့တဲ့ ဇူလိုင်လပထမပတ်မှာ မလေးရှားနိုင်ငံကနေ လေကြောင်းခရီးနဲ့  ရန်ကုန်လေဆိပ်ကိုရောက်ရှိလာတာဖြစ်ပြီး ဇူလိုင် ဒုတိယအပတ်မှာ ထားဝယ်မြို့ကို ရောက်ရှိခဲ့တာလို့ သိရပါတယ်။

မျောက်ကျောက်ရောဂါကူးစက်မှုဟာ နိုင်ငံတကာမှာစိုးရိမ်ရတဲ့ ပြည်သူ့ကျန်းမာ‌ရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာကျန်းမာ‌ရေးအဖွဲ့က ပြီးခဲ့တဲ့ဩဂုတ်လမှာ ကြေညာထားပါတယ်။  

ပုံစာ - မျောက်ကျောက်လက္ခဏာသံသယတွေ့ရသည့် အမျိုးသား။

စာတည်း - လင်း 

#မြေလတ်အသံ

#ပြည် #ဝက်ထီးကန် #အမျိုးသား #မျောက်ကျောက်ရောဂါ #တွေ့ရှိ #ကျန်းမာရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10