ပြည်မြို့က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဘုရားကြီးစေတီကို မီးသတ်ပိုက်နဲ့ရေဖြန်းမှုအပေါ် ဝေဖန်မှုတွေရှိနေ

ပြည်မြို့က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဘုရားကြီးစေတီကို မီးသတ်ပိုက်နဲ့ရေဖြန်းမှုအပေါ် ဝေဖန်မှုတွေရှိနေ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ရှိ ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ဘုရားကြီး(ဖရယ်ကြီးဘုရား) စေတီတော်ကို မီးသတ်ပိုက်နဲ့ရေဖြန်းခဲ့တဲ့အပေါ် ဝေဖန်မှုတွေရှိလာပါတယ်။ 

အဲ့ဒီစေတီတော်ကြီးကို မေ ၂၂ ရက် ကဆုန်လပြည့်နေ့မှာ ပြည်မြို့က လူမှုကူညီရေးအသင်းနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ရေသယ်ယာဉ်တွေသုံး ရေဖြန်းခဲ့ကြတာဖြစ်ပြီး ဒီလိုလုပ်တာဟာ ထိန်းသိမ်းစောင့်ရှောက်မှုအတွက် ပညာပေးတာတွေအားနည်းတာကြောင့် ဖြစ်တယ်လို့ ပြည်မြို့ခံတဦးက ပြောပါတယ်။ 

“ရည်ရွယ်ချက် ရှိရှိလုပ်တာတော့ မဟုတ်လောက်ဘူး။ ဒီအတိုင်းပဲ အသိပညာအားနည်းတာကြောင့် လုပ်လိုက်တာဖြစ်မယ်။ ရှေးဟောင်းပစ္စည်းတွေကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတာ ပညာပေးမှုအားနည်းတဲ့ အတွက်ကြောင့်လို့ မြင်တယ်။” လို့ ပြည်မြို့ခံတဦးက ပြောပါတယ်။

ဘုရားဂေါပကတွေအနေနဲ့ ဒါမျိုးထပ်မဖြစ်အောင် ထိန်းသိမ်းဖို့လိုအပ်ပြီး ပြည်သူတွေကလည်း ဝိုင်းဝန်းဖို့လိုအပ်မယ်လို့ သူက ဆက်ပြောပါတယ်။ 

နောက်ထပ်မြို့ခံတဦးကလည်း ရှေးဟောင်းအမွေအနှစ်တွေကို ပိုမိုထိန်းသိမ်းဖို့လိုအပ်သလို ခုလို ဘုရားကိုရေဖြန်းတာလည်း သူအနေနဲ့မကြားဖူးဘူးလို့ ပြောပါတယ်။  

“ရှေး‌ဟောင်းယဉ်ကျေးမှုဌာနအနေနဲ့ ဒီထက်ပိုပြီး အမွေအနှစ်တွေကို ထိန်းသိမ်းဖို့လိုသလို ရှေးဟောင်းဘုရားတွေကို ရေလောင်းဖို့ ခွင့်ပြုရန် သင့်မသင့် သူတို့ကပိုသိမှာပါ။ အရင်ကတော့ ဒီလိုရေဖြန်းတာ မကြားဖူးဘူး။ အခုတောင် လိုင်းပေါ်တွေ့လို့။ တကယ်တော့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲ လူတွေမသိဘဲတော့ လုပ်လို့ရမယ်မထင်ဘူး။ ရှေးဟောင်းအမွေအနှစ်တွေ နားမလည်ဘဲ ဘုရားဂေါပကတွေ လျှောက်မလုပ်သင့်ဘူး။ အမွေအနှစ်တွေမပျက်စီးအောင် ထိန်းသိမ်းဖို့ လိုပါတယ်”လို့  ပြောပါတယ်။

ဒါ့အပြင် ရိုးရာဓလေ့ထုံးစံအရ ကဆုန်ညောင်ရေသွန်းပွဲမှာ ဗောဓိပင်ကို ညောင်ရေလောင်းရပေမယ့် ရှေးဟောင်းဘုရားကို မီးသတ်ပိုက်နဲ့ထိုးတာတော့ မဖြစ်သင့်ဘူးလို့ သူကဆက်ပြောပါတယ်။ 

ဘုရားကြီးစေတီကို ရေဖြန်းရာမှာပါဝင်တဲ့ ကရုဏာသိဒ္ဓိ လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူ တဦးကလည်း  “ဘုရားကြီးကို ရေသပ္ပါယ်ရာမှာ ‌ဂေါပကအဖွဲ့ခွင့်ပြုချက်နဲ့ ကုသိုလ်စိတ်နဲ့သာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မီးလောင်ပြင်ကို မီးငြှိမ်းသတ်သလို မီးသတ်ပိုက်နဲ့ထိုးတာမဟုတ်ဘဲ မီးသတ်ပိုက်ကို မိုးပေါ်ကိုထောင်ထိုးကာ ‌ရေမှုန်တွေသာ ပြန်ကျစေတာပါ” လို့ ပြောပါတယ်။  

ဒါ့အပြင် ဝေဖန်တဲ့သူအပေါ်ကိုလည်း ဘယ်လိုစိတ်မှမထားသလို ကိုယ်တိုင်သာ ရှေးဟောင်းယဥ်ကျေးမှုနဲ့ပတ်သက်ပြီး အသိပညာနည်းတယ်လို့ ခံယူကာ အသင်းအနေနဲ့လည်း နောက်နောင် အခုလိုမျိုးမလုပ်ဖို့ ရှောင်ကျဥ်မယ်လို့ အသင်းတာဝန်ရှိသူက ဆက်ပြောပါတယ်။ 

အခုလိုမျိုး ဘုရားကြီးကိုရေသပ္ပါယ်တဲ့ အလေ့အထကို ယခင်နှစ်တွေကလည်း ပြည်မြို့က ပရဟိတအဖွဲ့အချို့နဲ့ အရန်မီးသတ်တွေက ပြုလုပ်ခဲ့ကြသေးတယ်လို့ ဆိုပါတယ်။ 

ရှေးဟောင်းသုသေသနပညာရှင်တဦးဖြစ်သူ ဆရာဇေမျိုးလင်းကလည်း ယခုလို ရှေးဟောင်းဘုရားကို ရေဖြန်းတာဟာ ပိုပြီး အပျက်အစီးများနိုင်တယ်လို့ သူရဲ့ Facebook လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ 

“မိုးတွင်းဘက်မှာ ရှင်သန်နေခဲ့တဲ့ မှိုတွေ၊ ရေညှိတွေက နွေရာသီမှာ ခြောက်သွား၊ သေသွားတယ်။ အဲ့လို သေသွားတဲ့အခါ အမဲရောင် ပြောင်းသွားတယ်။ အဲ့ဒါ နွေဘက်မှာသူ့ဖာသာကြွေကျတယ်။ ရေထိုးပီး သန့်ရှင်းလုပ်ရင် အဖတ်လိုက်ကွာကျတယ်။ အဲ့လို ကွာကျရင် အုတ်သားအပေါ်ယံလေးတွေပါ ပါသွားတယ်တယ်။ တချို့နေရာတွေဆို အဖတ်လိုက်၊ အချပ်လိုက် ကွာကျသွားတတ်တာမျိုး။ အဲ့တော့ ရေထိုးပြီ'၊ ရေဖျန်းပြီး သန့်ရှင်းရေးမလုပ်ရဘူး။ အပျက်စီးပိုများတတ်တယ်။” လို့  ရေးသားထားတာပါ။ 

ဘုရားကြီးစေတီဟာ ပြည်မြို့အရှေ့ဘက် ၅ မိုင်အကွာ သရေခေတ္တရာမြို့ဟောင်းရဲ့ အနောက် မြောက်ဘက် ပြည်-အောင်လံ ကားလမ်း ဘေးမှာရှိပြီး အေဒီ ၄ ရာစုမှ  ၇ ရာစုအတွင်း ဒွတ္တဘောင်မင်းကြီးတည်ခဲ့တဲ့ ပျူခေတ်လယ် လက်ရာစေတီဖြစ်ပြီး အမြင့် ၁၃၉ ပေ လုံးပတ် ၃၀၇ ပေရှိတယ်လို့  သိရပါတယ်။

အဲဒီစေတီတော်ကြီးတည်ရှိတဲ့ သရေခေတ္တရာမြို့ဟောင်းကိုလည်း ၂၀၁၄ ဇွန် ၂၂ ရက်က ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ပြုလုပ်တဲ့ ၃၈ ကြိမ်မြောက် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနဲ့ယဥ်ကျေးမှုအဖွဲ့ (ယူနက်စကို) အစည်းအဝေးမှာ ကမ္ဘာအမွေအနှစ်စာရင်းဝင်အဖြစ် ကြေညာခဲ့တာဖြစ်ပါတယ်။ 

ပုံစာ  -  ဘုရားကြီးစေတီနှင့် ဗောဓိညောင်ပင်များကို ရေသပ္ပါယ်နေမှုမြင်ကွင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပြည် #ဘုရားကြီးစေတီ #ရေဖြန်း #ဝေဖန်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10