ပြည်မြို့ ငွေလွှဲဆိုင် အနုကြမ်းစီးမှု သေနတ်၊ ကားနဲ့ အမျိုးသား ၁ ဦးကိုဖမ်းဆီးထား

ပြည်မြို့ ငွေလွှဲဆိုင် အနုကြမ်းစီးမှု သေနတ်၊ ကားနဲ့ အမျိုးသား ၁ ဦးကိုဖမ်းဆီးထား

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ ငွေလွှဲဆိုင်ကို အနုကြမ်းဝင်စီးမှုနဲ့ ပတ်သက်ဆက်စပ်တယ်ဆိုပြီး အမျိုးသား ၁ ဦး၊ သေနတ် ၁ လက်နဲ့ ကား ၁ စီးကို ဖမ်းဆီးထားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

အနုကြမ်းစီးမှုဖြစ်စဉ်အပြီး ၂ ရက်အကြာ ဒီဇင်ဘာ ၁၄ ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖြစ်စဉ်မှာ အသုံးပြုခဲ့တယ်လို့ စွပ်စွဲထားတဲ့ Toyota Mark II ကားအဖြူရောင်ကို ပြည်မြို့၊ ခေတ္တရာမြို့အသစ် အထွက် မဂ္ဂင်ဘုန်းတော်ကြီးကျောင်းအတွင်း ရပ်နားထားတာကို သိမ်းဆည်းသွားခဲ့တာလို့ မြို့ခံ အမျိုးသားတဦးက ပြောပါတယ်။

"ဘုန်းကြီးကျောင်းထဲမှာ ကားကိုတွေ့တာ၊ ဘုန်းကြီးတပါးကိုလည်း လူဝတ်လဲ ဖမ်းသွားတယ်လို့ သိရတယ်။ နောက် ကန်ဘောင်ဘက်က ကောင်လေးတယောက်လည်း ဖမ်းထားတယ်။" လို့ သူကဆက်ပြောပါတယ်။

အနုကြမ်းစီးမှုဖြစ်စဉ်မှာ ပါဝင်တယ်ဆိုကာ စွပ်စွဲဖမ်းဆီးခံထားရသူမှာ ရွာဘဲရပ်ကွက်၊ မင်းကံပိုင်ရပ်နေ ကိုအေးချမ်းမောင် ဆိုသူဖြစ်ပြီး သူနဲ့အတူ Colt တံဆိပ် ပစ္စတို ၁ လက်၊ ကျည် ၂၉ တောင့်ကို သိမ်းဆည်းရမိထားသလို နောက်တဦးဖြစ်တဲ့ နေလင်းအောင်(ခ)နေကြီး ပခုက္ကူမြို့နေထိုင်သူကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

"အနုကြမ်းစီးတာမှာပါတဲ့ကားဆိုပြီး ဘုန်းကြီးကျောင်းကို လာစစ်ဆေးတာတွေ တော့တွေ့တယ်။ သူတို့လုပ်တာ ဟုတ်မဟုတ်ကတော့ ကျမတို့လည်း မသိဘူး။" လို့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတွေဟာ တပ်မ ၆၆ ကစစ်ဗိုလ်နဲ့အဖွဲ့လို့ သတင်းမီဒီယာအချို့က ဖော်ပြကြပြီး ကေတီဗီငွေမရှင်းနိုင်လို့ အနုကြမ်းစီးတာလို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်က ပြည်မြို့၊ လူစည်ကားရာနေရာတခုဖြစ်တဲ့ ရွာဘဲရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာရှိတဲ့ ဒေါ်မြမင်းသူ wave pay/k pay ဆိုင်ကို အနုကြမ်းစီးခဲ့တာဖြစ်ပြီး အဲဒီဆိုင်ရဲ့အနီး ပန်းခြံနဲ့ သံလမ်းဂိတ်လမ်းဆုံတို့မှာ စစ်ကောင်စီစစ်သားတွေ စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားပါတယ်။

ပုံစာ - အနုကြမ်းစီးရာမှာ အသုံးပြုခဲ့တဲ့ ကားဟုဆိုပြီး စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

#မြေလတ်အသံ

#ပဲခူးတိုင်း #ပြည်မြို့ #အနုကြမ်းစီးမှု #ငွေလွှဲငွေထုတ် #စစ်ကောင်စီ #ဆိုးသွမ်းရမ်းကား #လူမိုက် #မလုံခြုံမှု #မြေလတ်သတင်း #လူမှုနေ့စဉ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10