ပြည်မြို့ဒကစဝန်းအတွင်း အရာရှိကြီးတွေ ပုန်းအောင်းဖို့ ဗုံးခိုကျင်းတွေ အခိုင်အမာတည်ဆောက်နေ

ပြည်မြို့ဒကစဝန်းအတွင်း အရာရှိကြီးတွေ ပုန်းအောင်းဖို့ ဗုံးခိုကျင်းတွေ အခိုင်အမာတည်ဆောက်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ရှိ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ)ရုံးဝန်းအတွင်း စစ်ကောင်စီရဲ့ အရာရှိကြီးတွေ ပုန်းအောင်းနိုင်ဖို့ ဗုံးခိုကျင်းတွေတူးကာ အခိုင်အမာတည်ဆောက်နေတယ်လို့ ပြည်မြို့က စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

စစ်ကောင်စီအရာရှိကြီးတွေ ပုန်းအောင်နိုင်ရန် အထက်ညွှန်ကြားချက်နဲ့ နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းအချိန်လောက်မှစတင်ကာ မြေတူးစက်ကြီးတွေနဲ့ အနက် ၆ ပေရှိတဲ့ ဗုံးခိုကျင်းတွေကို တူးဖော်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

"ဟုတ်တယ် အခုရက် ဒကစထဲမှာ ဗုံးခိုကျင်းတွေတူးတယ်တဲ့။ ကျနော်ကတော့ ဝမ်းသာတယ်။ ဒင်းတို့ တခါတည်း မြေမြှုပ်ပြီးသားဖြစ်တာပေါ့" လို့ ပြည်မြို့ခံတဦးက မှတ်ချက်ပြုပါတယ်။ 

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) ဒကစမှူးဟာ DSA အပတ်စဉ် ၃၇ ဆင်း ဗိုလ်မှူးချုပ် ဆန်းဌေးမောင်ဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ဩဂုတ်လဆန်းပိုင်းက ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)ကနေ ပြည်ဒကစကို ပြောင်းရွှေ့ရောက်ရှိလာတာ ဖြစ်ပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်းမှာဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေး တလပြည့်တဲ့ နိုဝင်ဘာ ၂၇ ရက်မှာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ စစ်ဆင်ရေးတွေလုပ်သွားမယ်လို့  ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း ကြေညာထားပါတယ်။

ပြည်မြို့ပေါ်ကို PDF တွေ ဝင်ရောက်မယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့ပေါ်မှာ စစ်ကောင်စီကလည်း လုံခြုံရေးတွေ တင်းကျပ်ထားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင် မိသားစုတချို့ဟာလည်း တပ်ထဲမှာ မနေရဲတာကြောင့် ပြည်မြို့ထဲမှာ အိမ်ငှားရမ်းမှုတွေ လုပ်နေလို့ အိမ်ငှားဈေးတွေလည်း မြင့်တက်နေတယ်လို့ မြို့ခံတချို့က ဆိုပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်တက္ကသိုလ်ထဲက ဝန်ထမ်းတွေ ကျောင်းဝန်းထဲက အမြန်ဆုံးထွက်ပေးကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စာပို့တယ်လို့ သတင်းတွေကြားနေရသလို ပညာရေးဝန်ထမ်းတွေ ကျောင်းဝန်းထဲမနေဖို့ စစ်တပ်ကထွက်ခိုင်းတာလို့လည်း ဒေသခံတဦးက ဆိုပါတယ်။ 

ပြည်တက္ကသိုလ်မှာလည်း စစ်တပ်ကတပ်စွဲထားတာကြောင့် ပညာရေးဝန်ထမ်းတွေဟာ ပြည်တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အဆောင်မှာတွေမှာ နေကြရသလို တချို့ကလည်း အပြင်မှာ အိမ်ငှားနေကြတာတွေရှိတယ်လို့ ဒေသခံကျောင်းသူတဦးက ပြောပါတယ်။

"ပြည်တက္ကသိုလ်မှာ ကျောင်းအပ်လက်ခံပြီး အဆောင်နေလို့ မရဘူးတဲ့။ အထဲကဝန်ထမ်းတွေကိုလည်း အပြင်မှာ အိမ်ငှားနေခိုင်းတယ်ကြားတယ်။ ကျောင်းဝန်းကျင်တော့ ရဲတွေ ၁၀ ဦးလောက်ရှိတယ်။ ကျောင်းသားတွေ အများစု အဆောင်ရှိတဲ့ အုန်းတောလမ်းကို မထင်ရင်မထင်သလို ဝင်စစ်တယ်" လို့ တက္ကသိုလ်ဝန်ထမ်းတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

နှစ်စဥ်ကျင်းပနေကျဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ ဟိန္ဒူရိုးရာရေချိုးပွဲကို စစ်တပ်က လုံခြုံရေးအကြောင်းပြချက်နဲ့ ကန့်သတ်မှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

"ဟိန္ဒူဘုရားကျောင်းကို စစ်တပ်က ညအိပ်လက်မခံခိုင်းဘူး။ ထမင်းကျွေးတဲ့ အစီအစဥ်တွေ၊ ရထားတွဲ သီးသန်းစီစဥ်တာတွေ ဘာမှ မရှိဘူး။ ဆိုင်တွေလည်း ဘာမှမရှိဘူး။ အနီးနားမြို့တွေကတော့ ကားနဲ့ အစောကြီးလာပြီး ရေချိုးပြီးပြန်ကြတယ်။ ဟိုဘက်ထိပ် ဆိပ်ကမ်းသာနဲ့ ဒီဘက်ထိပ် ဘောတံတားထိပ်မှာ ရဲတွေစောင့်နေတာ" လို့ ပြည်မြို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ပြည်မြို့မှာ လုံခြုံရေး တင်းကျပ်တာတွေ၊ ဒကစဝန်းအတွင်း အရာရှိကြီးတွေ ပုန်းခိုဖို့ ဗုံးခိုကျင်းတွေ တူးနေပေမယ့် တဖက်မှာတော့ ပြည်မြို့ရဲ့ တန်ဆောင်တိုင်ပွဲတော်ကို လုံခြုံရေးတင်းကျပ်စွာနဲ့ စည်စည်းကားကားကျင်းပနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပုံစာ - ပြည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဆန်းဌေးမောင်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပြည် #ဒကစ #အရာရှိကြီး #ဗုံးခိုကျင်း #တည်ဆောက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10