ပြည်မြို့နယ် ကမ္ဘီလာရွာက အမျိုးသား ၃ ဦးအဖမ်းခံရ၊ ၂ ဦးငွေပေးလွတ်ပြီး ၁ ဦးကို စစ်တပ်ထဲထည့်

ပြည်မြို့နယ် ကမ္ဘီလာရွာက အမျိုးသား ၃ ဦးအဖမ်းခံရ၊ ၂ ဦးငွေပေးလွတ်ပြီး ၁ ဦးကို စစ်တပ်ထဲထည့်

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ နတ္တလင်းအုပ်စု၊ ကမ္ဘီလာကျေးရွာက သက်ကြီးပိုင်း အမျိုးသား ၁ ဦးနဲ့ ဆယ်ကျော်သက် လူငယ် ၂ ဦး ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားပြီး ၂ ဦးကတော့ ငွေပေးပြန်လွတ်လာပေမယ့် လူငယ် ၁ ဦးကိုတော့ စစ်တပ်ထဲ အတင်းဝင်ရောက်ခိုင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်ညပိုင်းက ကမ္ဘီလာကျေးရွာကို စစ်ဆေးစရာရှိလို့ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ ကား ၅ စီးခန့်ဟာ နေရာခွဲဝင်ရောက်လာခဲ့ပြီး အသက် ၅၀ အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၁၇ နှစ်အရွယ်လူငယ် ၁ ဦးတို့ကို ဖမ်းဆီးသွားတာလို့ ဖြစ်စဉ်ဖြစ်ပွားခဲ့ရာ ရွာအနီးကျေးရွာဒေသခံတွေဆီက သိရပါတယ်။

" စကစ အဖွဲ့တွေက ရွာကို တောင်ပိုင်း၊ အလယ်ပိုင်း၊ ရွာထိပ်ဆိုပြီး ခွဲဝင်လာပြီး ရွာထိပ်မှာ ဂိမ်းဆော့နေတဲ့ လူငယ်တွေရဲ့ ဖုန်းကိုစစ်နေတုန်း ရွာထဲက လူငယ်တယောက်က စစ်** တွေရွာထဲဝင်လာနေတယ်ဆိုပြီး မက်ဆေ့ပို့တာကို ဖုန်းစစ်နေတဲ့သူကမြင်ပြီး မက်ဆေ့ပို့တဲ့သူအိမ်ကို လိုက်ပို့ခိုင်းပြီး မက်ဆေ့ပို့တဲ့ လူငယ်ကိုလည်း ဖမ်းတယ်။ နောက် ရွာထဲက အသက် ၅၀ အရွယ်လူကြီး တယောက်ကိုလည်း ဖမ်းသွားတယ်" လို့ ရွာနဲ့နီးစပ်သူ အမျိုးသားတဦးက ပြောပါတယ်။

ဖမ်းဆီးခံရပြီး နောက်နေ့မှာတော့ အသက် ၅၀ အရွယ်လူကြီးကို ငွေ ၁၀ သိန်းတောင်းပြန်လွှတ်လိုက်ပြီး ရွာထဲက အသက် ၁၉ နှစ်အရွယ် လူငယ် ၁ ဦးကိုစစ်မေးမြန်းစရာရှိလို့ဆိုကာ ထပ်မံဖမ်းဆီးသွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ 

"ပထမရက်မှာ အဖမ်းခံရတဲ့ နှစ်ယောက်ထဲက လူကြီးကို ပြန်လွှတ်လိုက်တယ်။ နောက်ထပ် လူငယ်တယောက်ကို ထပ်ဖမ်းသွားတယ်။ ပထမဖမ်းထားတဲ့ လူငယ်ကိုတော့ သုံးရက်အကြာမှာ သုံးဆယ့်ငါးသိန်းနဲ့ ပြန်လွှတ်ပေးတယ်။ သုံးယောက်ထဲက နောက်ဆုံးအဖမ်းခံရတဲ့ လူငယ်ကိုတော့ ထောင်ကျခံမလား စစ်တပ်ထဲကိုဝင်မလား မေးတယ်။ တပ်ထဲကိုဝင်မယ်ဆို စစ်မတိုက်ရတဲ့ လက်နက်ထုတ်တဲ့နေရာကိုပို့မယ်ဆိုပြီး တပ်ထဲကိုဝင်မယ်ဆိုတော့ ထည့်လိုက်တယ်" လို့ ရွာနဲ့ နီးစပ်သူ အမျိုးသားက ဆက်ပြောပါတယ်။

ငွေ ၁၀ သိန်းပေးပြန်လွတ်ခဲ့သူ အသက် ၅၀ အမျိုးသားဟာ ပထမတကြိမ်လည်း ဖမ်းဆီးစစ်ဆေးခံခဲ့ရဖူးပြီး ကမ္ဘီလာရွာကိုတော့ စစ်ကောင်စီတပ်ဖွဲ့တွေက မကြာခဏဆိုသလို ဧည့်စာရင်းစစ်တာ ဖမ်းဆီးတာတွေ ပြုလုပ်လေ့ရှိပါတယ်။

စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီး ၄ လအကြာ မေ ၃ ရက်မှာပဲ အဲဒီကမ္ဘီလာရွာရဲ့ သံပုရာခြံတခုထဲမှာ ပြည်မြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်၊ CDM ရဲ ၃ ဦးအပါ ၅ ဦး မိုင်းမတော်တဆ ပေါက်ကွဲရာကနေ သေဆုံးခဲ့ရပါတယ်။ 

အလားတူ တော်လှန်ရေးအင်အားစုတွေ ထွက်ပေါ်တာ၊ အားပေးတာတွေ ရှိခဲ့တဲ့ ရွာဖြစ်လို့လည်း စစ်ကောင်စီက အမြဲမပြတ်စောင့်ကြည့်တာကို ခံနေရတဲ့ ရွာလည်းဖြစ်ပါတယ်။

#မြေလတ်အသံ

#ပြည်မြို့ #ကမ္ဘီလာရွာ #အမျိုးသား #ဖမ်းဆီး #ငွေညှစ် #လူသစ်စု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10