ပြည်မြို့နယ်မှာ ပြည်သူ့စစ်အဖွဲ့ဝင် ၂၂၀ ဦးနဲ့ ထောက်ပံ့ငွေ သန်း ၇၀၀ ကျော်ကို ဒေသခံတွေဆီကရရှိဖို့ စစ်ကောင်စီ အတင်းအကျပ်လုပ်ဆောင်

ပြည်မြို့နယ်မှာ ပြည်သူ့စစ်အဖွဲ့ဝင် ၂၂၀ ဦးနဲ့ ထောက်ပံ့ငွေ သန်း ၇၀၀ ကျော်ကို ဒေသခံတွေဆီကရရှိဖို့ စစ်ကောင်စီ အတင်းအကျပ်လုပ်ဆောင်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်စုတွေကနေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအဖြစ် အချိုးကျ ဝင်ရောက်ဖွဲ့စည်းကြဖို့နဲ့ အဲ့ဒီတပ်ဖွဲ့ဝင်တွေကို ရွာက ငွေကြေးထောက်ပံ့ဖို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့က ညွှန်ကြားခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲဒီညွှန်ကြားချက်ကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်က ပြည်မြို့နယ်ထွေအုပ်ရုံးမှာ အစည်းအဝေးပြုလုပ်ကာ ညွှန်ကြားခဲ့တာလို့ သိရပါတယ်။

ညွှန်ကြားချက်မှာ ကျေးရွာအုပ်စု ၁ အုပ်စုကို ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄ ဦး (အသက် ၃၅ မှ ၆၅ နှစ်အတွင်း) မဖြစ်မနေဝင်ရောက်ရမှာဖြစ်ပြီး အဲဒီတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့ဖို့အတွက် ကျေးရွာအတွင်းရှိ နေအိမ် ၁ အိမ်ကို ငွေ ၂ သောင်းခွဲကောက်ခံနေတယ်လို့ ကျေးရွာအတွင်းအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဝက်ထီးကန်ဒေသခံတဦး ကပြောပါတယ်။

"ပြည်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး အစည်းအဝေးလုပ်တယ်။ လူဦးရေစာရင်း တောင်းတယ်။ ၁ အုပ်စုကို ၄ ယောက်နှုန်းကျတယ်။ ပြည်သူ့စစ်အတွက် တောင်းတာ။ တကယ်လို့မရရင်စွဲဆိုပြီး တခါတည်း အမိန့်ထုတ်ပေးလိုက်တယ်။" လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

ဆက်လက်ပြီးတော့လည်း “အဲ့ ၄ ယောက်ကို အုပ်စုတွေကပြန်ပြီး ထောက်ပံ့ရမယ်။ ၁ အိမ်ကို ၂ သောင်းခွဲကောက်တယ်။ ပံ့ပိုးဖို့အတွက် ငွေလိုက်စုနေပြီ။ ငွေမပေးရင်လည်း မပေးတဲ့အိမ်ကို ဖမ်းမယ်လို့ ခြိမ်းခြောက်ပြန်တယ်။" လို့ သူက ဆိုပါတယ်။

ဝက်ထီးကန်မြို့၊ တဲကြီးကုန်းအုပ်စုမှာတော့ စက်တင်ဘာ ၃၀ ရက်ကတည်းက အိမ် ၁ အိမ်ကို ၂ သောင်းခွဲ စတင်ကောက်ယူနေပြီး မပေးမနေရလို့ သိရပါတယ်။

ပြည်မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်မှာတော့ အဲ့ဒီလို ပြည်သူ့စစ်အတွက် တောင်းယူတာမျိုး မရှိသေးဘူလို့ မြို့ပေါ်နေထိုင်သူတွေဆီ ကသိရပါတယ်။

"ကျမတို့ရပ်ကွက်မှာတော့ အဲ့လို ကောက်တာမရှိဘူး။ စစ်မှုထမ်းအပတ်စဉ်တွေအတွက် စာရင်းသွင်းတာ မပါချင်ရင် စာရင်းဖျက်ခဆိုပြီး ရာအိမ်မှူးတချို့ ငွေညှစ်တာတွေ ရှိတယ်" လို့ မြို့ပေါ်နေ အမျိုးသမီးတဦး ကပြောပါတယ်။

ပြည်မြို့နယ်မှာ ရပ်ကွက် ၁၄ ရပ်ကွက်(အိမ်ထောင်စု - ၃၁၀၂၄ စု) နဲ့ ကျေးရွာအုပ်စု ၅၅ စုမှာ ရွာပေါင်း-၂၅၉ ရွာ (အိမ်ထောင်စု - ၂၈၃၀၆ စု) ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၂၀ ခုနှစ်မှာ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ဒါကြောင့် ကျေးရွာအုပ်စုတွေမှာရှိတဲ့ အိမ်ထောင်စု ၂၈၃၀၆ စုကို ၁ အိမ်ထောင် ၂၅၀၀၀ ကျပ် ကောက်ယူပါက ၇၀၇,၆၅၀,၀၀၀ ကျပ်ငွေ (သန်း ၇၀၀ ကျော်)နဲ့ ကျေးရွာအုပ်စု ၅၅ အုပ်စုမှာ ၁ အုပ်စုကို ပြည်သူ့စစ် ၄ ဦးနှုန်းနဲ့ တပ်ဖွဲ့ဝင် ၂၂၀ ဦး ကို စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က ရရှိသွားမှာဖြစ်ပါတယ်။

ဒီငွေကောက်ယူမှုဟာ ကျေးရွာတွေအတွက်သာဖြစ်ပြီး မြို့ပေါ်နေ လူထုမပါသေးတဲ့အတွက် တမြို့နယ်လုံးကို ကောက်ယူပါက သန်း ၁၅၀၀ ကျပ်ကို လူထုဆီကနေ စစ်ကောင်စီက ရရှိသွားမှာဖြစ်ပါတယ်။

လက်ရှိကာလမှာတော့ စစ်ကောင်စီဟာ ပြည်မြို့နယ်မှာ စစ်မှုထမ်းဥပဒေအရ စုဆောင်းသင်တန်း ပေးနေတဲ့ အပတ်စဉ် (၆) အတွက် တပ်သားသစ်တွေနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်အတွက် တပ်သားသစ်စုဆောင်းမှုတွေကို တပြိုင်တည်း ပြုလုပ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်က နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားတဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖမ်နှိမ်နင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဩဂုတ် ၂၂ ရက်မှာတော့ တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခရိုင်၊ မြို့နယ်၊ ကျေးရွာတွမှာ ပြည်သူ့စစ်ဖွဲ့စည်းဖို့ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် မင်းမင်းစိုးကို တာဝန်ပေးခဲ့ပါတယ်။

ပုံစာ - ယခုနှစ်ဆန်းပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း)ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်နေစဉ်။

#မြေလတ်အသံ

#ပဲခူး #ပြည် #စစ်ကောင်စီ #စစ်မှုထမ်း #ပြည်သူ့စစ် #ငွေတောင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10