ပြည်မြို့နယ် NLD တိုင်းလွှတ်တော်အမတ်ကို နှစ်ရှည်ထောင်ဒဏ်ထပ်ချ စုစုပေါင်း ၃၉ နှစ်ထိရှိလာ

ပြည်မြို့နယ် NLD တိုင်းလွှတ်တော်အမတ်ကို နှစ်ရှည်ထောင်ဒဏ်ထပ်ချ စုစုပေါင်း ၃၉ နှစ်ထိရှိလာ

ပြည်မြို့အကျဉ်းထောင်အတွင်းမှာ နှစ်ရှည်ထောင်ချခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ပဲခူးတိုင်း၊ ပြည်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ထောင် ၂၀ နှစ်ထပ်မံချမှတ်ခဲ့လို့ စုစုပေါင်း ၃၉ နှစ်ရှိပြီ ဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူတဦးဆီက သိရပါတယ်။ 

စစ်ကောင်စီရဲ့ ပြည်ထောင်တွင်းတရားရုံးကနေ စက်တင်ဘာ ၂၂ ရက်က မြို့နယ် ၂ ခုကအမှု ၂ ခုအတွက် ထောင်နှစ် ၂၀ အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၂ ရက်ကလည်း ဦးကျော်ဇေယျကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ၂ မှု၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ၁ မှု၊ မြန်မာနိုင်ငံ ယစ်မျိုးအက်ဥပဒေနဲ့ ၁ မှု စုစုပေါင်း ​၆ မှုအတွက်လည်း  ထောင်ဒဏ် ၁၉ နှစ်ချမှတ်ခဲ့တာပါ။

"အခုအမိန့်ချတာလည်း နှစ်ရှည်ထောင်ဒဏ်ပဲ အရင်အမိန့်ချတာလည်း နှစ်ရှည်ထောင်ဒဏ်ပဲ ဆိုတော့ နှစ် ၄၀ နီးပါးဖြစ်သွားပြီလေ။ လက်ရှိလည်း ပြည်ထောင်မှာပဲချုပ်နှောင်ထားတယ်။ ပါးစပ်ထဲက ဥပဒေတွေပေါ့"လို့ မိသားစုနဲ့နီးစပ်သူတဦးဆီက သိရပါတယ်။   

စစ်ကောင်စီက ဦးကျော်ဇေယျကို ပြီးခဲ့တဲ့နှစ် ဇွန်လ ၉ ရက်မှာ ဖမ်းဆီးခဲ့ပြီး ရန်ကုန်မြို့ ရေကြည်အိုင်စစ်ကြောရေးနဲ့ ပြည်မြို့ ဒကစ(ဒေသကွပ်ကဲရေးစစ်ဌာနချုပ်)စစ်ကြောရေး ၂ ခုမှာ ၂ လအကြာ စစ်ဆေးခဲ့ပြီး ပြည်ထောင်တွင်းတရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဦးကျော်ဇေယျဟာ ပဲခူးတိုင်း၊ ပြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ၂ ကြိမ်ဆက်တိုက် အနိုင်ရခဲ့သူလည်း ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPရဲ့ စက်တင်ဘာ ၂၅ ရက်ထုတ်ပြန်ချက်အရ နွေဦးတော်လှန်ရေးကာလအတွင်း ဒီမိုကရေစီရေးလူပ်ရှားသူများနဲ့ ပြည်သူစုစုပေါင်း ၂၄၈၃၆ ဦးဖမ်းဆီးခံထားရပြီး အဲ့ဒီအထဲက ၁၉၂၆၄ ဦးမှာ ထိန်းသိမ်းခံထားရဆဲဖြစ်ကာ  ၇၃၆၈ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။ 

ပုံစာ - ပြည်မြို့နယ် (NLD) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #NLD #လွှတ်တော်ကိုယ်စားလှယ် #ပဲခူးတိုင်း #ပြည်မြို့နယ် #ဖမ်းဆီးထောင်ချ #နိုင်ငံရေးအကျဉ်းသား #နှစ်ရှည်ထောင်ဒဏ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10