ပြည်မြို့မှာ ဆိုင်ကယ်စီးနင်းသူတွေကို စစ်ဆေးပြီး လိုင်စင်မရှိပါက ငွေ သိန်းချီတောင်း

ပြည်မြို့မှာ ဆိုင်ကယ်စီးနင်းသူတွေကို စစ်ဆေးပြီး လိုင်စင်မရှိပါက ငွေ သိန်းချီတောင်း

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့မှာ ဆိုင်ကယ်စီးနင်းသူတွေကို ဇွန်လ ၅ ရက်ကစပြီး၊ ဖမ်းစီးစစ်ဆေးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဆိုင်ကယ်တွေဖမ်းဆီးရာမှာ တနေရာတည်း ဖမ်းဆီးတာမဟုတ်ဘဲ၊ ကိုးသောင်းမီးပွိုင့်၊ ခရိုင်အုပ်ချုပ်ရေးရုံးရှေ့၊ ဆင်မကြပ်လမ်းဆုံနေရာတွေမှာ လှည့်လည် ဖမ်းဆီးနေတာဖြစ်ပြီး လိုင်စင်မရှိပါက ငွေသိန်းချီတောင်းတာရှိသလို မပေးနိုင်ပါက ထောင်ချမယ်လို့ ခြိမ်းခြောက်နေကြောင်း ပြည်မြို့နေပြည်သူတဦးက ပြောပါတယ်။

"မနေ့က ကိုးသောင်းနားမှာ ကောင်လေးတယောက် အဖမ်းခံရတယ်။ ဆိုင်ကယ်ပစ္စည်းလာဝယ်ရင်း အဖမ်းခံရတာ။ ဆိုင်ကယ် လိုင်စင်မရှိလို့ ၅ သိန်းတောင်းတယ်။ အဲ့ကလေးတွေ အိမ်ကငွေကြေး အဆင်မပြေကြဘူး။ ပိုက်ဆံမပေးနိုင်ရင် ထောင် ၁ လကျမယ်ပြောလို့ ငွေရှာနေကြတယ်" လို့ ပြောပါတယ်။

အဲ့ဒီလူငယ်ကို ဇွန်လ ၈ ရက် နေ့လည် ၃ နာရီလောက်က အမှတ် ၁ ရဲစခန်းမှာ ဖမ်းဆီးထားတာဖြစ်ပြီး၊ ည ၈ နာရီခန့်မှာ မိသားစုဆီကို ရဲစခန်းကဖုန်းဆက် အကြောင်းကြားတယ်လို့ ဆိုပါတယ်။

"ဆင်မကြပ်လမ်းဆုံမှာ ကောင်လေးတယောက် Without ဆိုင်ကယ်စီးလို့ အဖမ်းခံရတယ်။ ရဲစခန်းတန်းခေါ်သွားတာ။ ငွေ ၁၀ သိန်းပေးရမယ်ပြောလို့ ညှိတော့ ၈ သိန်းနဲ့အဆင်ပြေကြတယ်။ ငွေတော့မပေးရသေးဘူး။ ဖမ်းထားတဲ့လူနဲ့လည်း အတွေ့မခံဘူး"လို့ မြို့ခံတဦးကလည်း ပြောပါတယ်။

ဆိုင်ကယ်စီးပါက ဦးထုပ်၊ ဘက်မှန်နဲ့ နံပတ်ပြားမပါတာ လိုင်စင်သက်တမ်းကျော်တဲ့ဆိုင်ကယ်တွေဆိုရင် ဒဏ်ငွေ ၃၀၀၀၀ ကျပ်ပေးဆောင်ရပြီး၊ လိုင်စင်မပါတဲ့ ဆိုင်ကယ်စီးရင် ဆိုင်ကယ်သိမ်းပြီး၊ လူကိုထောင်ဒဏ် ၁ လပြစ်ဒဏ်ချမှတ်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

 

စာတည်း - 007

#မြေလတ်အသံ

#ပဲခူးတိုင်း #ပြည် #လိုင်စင်မဲ့ဆိုင်ကယ် #ဖမ်းဆီးစစ်ဆေး #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10