ပြည်မှာ စွယ်တော်ဘုရားပွဲကို လမ်းပိတ်ပြီး လုံခြုံရေးအပြည့်နဲ့ပြုလုပ်၊ နတ်တလင်းမှာလည်း စစ်ကောင်စီဝန်ကြီးချုပ်လာရောက်မယ့် စွယ်တော်ပွဲအတွက် လုံခြုံရေးတင်းကျပ်ထား

ပြည်မှာ စွယ်တော်ဘုရားပွဲကို လမ်းပိတ်ပြီး လုံခြုံရေးအပြည့်နဲ့ပြုလုပ်၊ နတ်တလင်းမှာလည်း စစ်ကောင်စီဝန်ကြီးချုပ်လာရောက်မယ့် စွယ်တော်ပွဲအတွက် လုံခြုံရေးတင်းကျပ်ထား

 

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ စစ်ကောင်စီက တန်ဆောင်တိုင်စွယ်တော်ဘုရားပွဲကို နိုဝင်ဘာ ၂၀ ရက် ဒီကနေ့ မနက်ပိုင်းကစတင်ကျင်းပရာ မြို့ရဲ့အဓိကကျတဲ့လမ်းတွေကို ပိတ်ဆို့ပြီး လုံခြုံရေးအပြည့်ချထားတယ်လို့ ပြည်မြို့ခံတဦးက ပြောပါတယ်။

စစ်ကောင်စီက စွယ်တော်ဘုရားပွဲကို နိုဝင်ဘာ ၂၀ ရက်ကနေ ၂၇ ရက် (တန်ဆောင်မုန်း လပြည့်နေ့) အထိ ကျင်းပမှာဖြစ်ပြီး ပွဲတော်ကျင်းပဖို့ တရက်အလို  နိုဝင်ဘာ ၁၉ ရက် မနေ့ကစတင်ကာ ၂ မိုင်ခန့်ရှည်လျားတဲ့ ဗိုလ်ချုပ်လမ်းနဲ့ အဲ့ဒီလမ်းပေါ်တွေကိုတက်ရောက်နိုင်တဲ့ နဂါးလိမ်လမ်းသွယ်၊ စစ်ကဲလမ်း၊ မြောက်စောင်းတန်းလမ်း၊ ပန်းပဲတန်းလမ်း စတဲ့လမ်းသွယ်တွေကို ပိတ်ထားတယ်လို့ ဆိုပါတယ်။ 

“ဘေးလမ်းတွေကို ပိတ်ထားတာက ပြဿနာတခုခုတက်ရင် ညှပ်ဖမ်းမယ့်ပုံစံမျိုး။ ပြေးလမ်းမရှိ အောင်လုပ်ထားတာ “လို့ ပြည်မြို့ခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။ 

ဒါ့အပြင် ပွဲခင်းထဲမှာလည်း ရဲကင်းငယ်တွေဆောက်လုပ်ထားသလို ပိတ်ထားတဲ့လမ်းထိပ်တွေမှာလည်း မနေ့ညကစတင်ကာ မီးသတ်၊ မော်တော်ပီကယ်နဲ့ ရဲတွေက လုံခြုံရေးစောင့်နေသလို လ္ဘက်ရည်ဆိုင်အချို့မှာလည်း ရဲအရာရှိတွေဦးဆောင်ပြီး စောင့်ကြပ်နေတယ်လို့ ဆိုပါတယ်။

ပြည်မြို့မှာ လမ်းတွေကိုပိတ်ထားတာကြောင့် ဗိုလ်ချုပ်လမ်းတလျောက်က ဈေးဆိုင်တွေလည်း ဝယ်ယူသူနည်းပါးသွားတယ်လို့ ဗိုလ်ချုပ်လမ်းပေါ်က စျေးဆိုင်ပိုင်ရှင်အမျိုးသားတဦးက ပြောပါတယ်။

“ ရယ်စရာတော့ကောင်းသားဗျ။ ပွဲတော်လုပ်မယ်ဆိုပြီး လမ်းတွေကို ပိတ်ထားတာ။ နောက်ဆုံးတော့ ဈေးဆိုင်သမားတွေပဲ ဈေးမရောင်းရဘဲထိတာ။ ဘယ်သူကရော ပွဲတော်လာရဲမလဲ။” လို့ ဆိုပါတယ်။ 

ပုံစာ - ယခုနှစ် ဧပြီ ၄ ရက်က ပဲခူးမြို့ ဘုရားထီးတင်ပွဲတခုတွင် မြင့်တွေ့ရသည့် စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း။ (ပုံဟောင်း)
ပုံစာ - ယခုနှစ် ဧပြီ ၄ ရက်က ပဲခူးမြို့ ဘုရားထီးတင်ပွဲတခုတွင် မြင့်တွေ့ရသည့် စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း။ (ပုံဟောင်း)

အလားတူ  နတ်တလင်းမြို့က  တန်ဆောင်တိုင်စွယ်တော်လှည့်လည်ပွဲကို နိုဝင်ဘာ ၂၄ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး အဲ့ဒီစွယ်တော်ဖွင့်ပွဲကို  နတ်တလင်းဇာတိဖြစ်တဲ့ စစ်ကောင်စီခန့်ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်း တက်ရောက်ဖို့ စီစဉ်ထားလို့ မြို့တွင်းမှာလုံခြုံရေးတင်းကျပ်ထားတယ်လို့ ဂေါပကအဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဒါ့အပြင် နတ်တလင်းမြို့က စွယ်တော်တိုက်ထားရှိရာ ဘုရားကြီးဝန်း အဝင်ပေါက်မှာလည်း ရဲတပ်ဖွဲ့စစ်ဆေးရေးဂိတ်အပြင် Jammer(ရေဒီယိုလှိုင်းဖြတ်တောက်စက်)တွေကိုလည်း တပ်ဆင်ထားတယ်လို့ သိရပါတယ်။

ရခိုင်တိုက်ပွဲတွေစတင်တဲ့ နိုဝင်ဘာလဒုတိယအပတ်ကစတင်ကာ ပြည်နဲ့ ပန်းတောင်းမြို့တွေမှာ ကားလမ်းတွေပိတ်တာ၊ နဝဒေးတံတားနဲ့အနီးတဝိုက်နဲ့ ပဲခူးရိုးမအစပ်က ပေါက်ခေါင်းမြို့ နယ်ကို ညမထွက်ရ ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်တာတွေ စစ်ကောင်စီဘက်က လုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ပြည် #နတ်တလင်း #စွယ်တော် #ဘုရားပွဲ #စစ်ကောင်စီ #လုံခြုံရေးတင်းကျပ် #စစ်ကောင်စီခန့် #ဝန်ကြီးချုပ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10