သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်တောင်းမြစ်ရဲ့အလယ် ရေလယ်ကျွန်းသောင်ခုံမှ ရေလှိုင်းတွေကြား တရိပ်တရိပ်ပြေးလွှားရင်း မြစ်တဖက်ကမ်းကို ဖြတ်သန်းမောင်းနှင်နေတဲ့ စက်တပ်တံငါလှေငယ်လေးတစီး။
အဲဒီစက်လှေကိုမောင်းနှင်လာတဲ့ ၁၂ နှစ်အရွယ်ကလေးငယ်တယောက်ဟာ ရေလမ်းကြောင်းနဲ့ ရေစီးကို ကျွမ်းကျင်အသားကျနေတဲ့ပုံစံနဲ့ အင်ဂျင် ၇ ကောင်ခွဲတပ် စက်လှေကို ပိုင်နိုင်စွာမောင်းနှင်ပြီး ရေနစ်မြုပ်နေတဲ့ ဒေသခံတွေကို ကယ်တင်နေတဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လို့နေပါတော့တယ်။
အဲဒီကလေးငယ်ဟာ ရေဘေးသင့်ဒဏ်ခံစားရတဲ့ လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာအုပ်စုထဲက အောင်သုခရွာ၊ တဲစုရွာနဲ့ ပေါင်းလောင်းရွာတို့မှာ ၂ ရက်နဲ့ ၁ မနက်လုံး ရေဘေးမှ လူဦးရေ ၁၅၀ ခန့် ရေဘေးလွတ်တဲ့ အင်းသာရွာ၊ ဗောဓိကုန်းရွာ၊ ရွှေပြည်သာရွာကို ပို့ဆောင်ကယ်ဆယ်ပေးနိုင်ခဲ့တာပါ။
သူ့အမည်က "မောင်ပေါများ" လိုခေါ်သတဲ့။ အသက် ၁၂ နှစ်အရွယ် ဒုတိယတန်းကျောင်းသားလေး ၁ ဦးပါ။
သူက အင်္ကျီဖြူနီရောင်လက်ရှည်အကွက်ကို ကပိုကရိုဝတ်ရင်း ပုဆိုးခပ်နွမ်းနွမ်းကိုလည်း တိုတို ဝတ်ထားတာ၊ ခါးပုံစက ဒူးအောက်နားရောက်အောင် ဝတ်နေကျဖြစ်နေတာက "ပေါများ"ရဲ့ စတိုင်လ်တခုလို ဖြစ်နေပါတယ်။
သူ့မှာ မိဘနဲ့ညီအကိုမောင်နှမ အားလုံးပေါင်း ၉ ယောက်ရှိတာမှာ ညီအကိုမောင်နှမ အကြီး ၃ ယောက်က ရပ်ဝေးမှာ အလုပ်လုပ်ကိုင်နေကြပြီး ရွာမှာတော့ အဖေ၊ အမေနဲ့ သူအပါအဝင် ၄ ယောက် ကျန်ခဲ့ကြပါတယ်။ သူကတော့ စတုတ္ထမြောက်သားပါ။
မိဘတွေက မိသားစုစားဝတ်နေရေးအတွက် တံငါလုပ်ငန်းလုပ်ကိုင်ကြရာ ရေလယ်ကျွန်းပေါ်မှာ နေထိုင်ရင်း နေ့စဥ် ဖခင်ဖြစ်သူက လှေရှေ့မှာငါးပိုက်ကွန်ပစ်ရင်း သူက လှေရဲ့ပဲ့ကိုင်ရှင်ကြီးအဖြစ် အမြဲလိုက်ပါလေ့ရှိပါတယ်။
နေပြည်တော်နယ်မြေအတွင်းရှိ မြို့နယ်တွေမှာ ရာဂီမုန်တိုင်းဒဏ်ကြောင့် နေ့စဥ်ဆိုသလို မိုးဆက်တိုက်ရွာတာများပြီး လယ်ဝေးမြို့နယ်မှာလည်း စက်တင်ဘာ ၁၁ ရက်မှာ ရေစတင်တက်လာလို့ ပေါက်မြိုင်ကျေးရွာအုပ်စု၊ အောင်သုခရွာမှာနေထိုင်တဲ့ ပြည်သူ ၅၀၀ ကျော်ထဲကတချို့ဟာ ဘေးလွတ်ရာကိုရွှေ့ပြောင်း နေထိုင်ကြပါတော့တယ်။
သူတို့ကိုတော့ ပရဟိတအဖွဲ့က ကားနဲ့ရွှေ့ပြောင်းပေးတာ၊ ရွာသူရွာသားတွေက ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေနဲ့လည်း ကြိုတင်ရွှေ့ပြောင်းထားကြတာဟာ လူဦးရေ ၃၀၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။
နောက်တနေ့ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်း ၃ နာရီခန့်မှာ စစ်တောင်းမြစ်ရေက တရိပ်ရိပ်နဲ့မြင့်တက်လာတဲ့အတွက် ပေါများတို့မိသားစုဟာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ရွှေပြည်သာရွာကို စက်လှေနဲ့ရွှေ့ပြောင်းခဲ့ပါတယ်။
မိသားစုကိုရွှေ့ပြောင်းအပြီးမှာတော့ ရွာမှာကျန်ရစ်ခဲ့သူတွေကို နံနက်ခင်း ၆ နာရီခန့်ကနေစပြီး စက်လှေငယ်နဲ့ပဲ အခေါက်ခေါက်အခါခါ ကယ်ဆယ်ပါတော့တယ်။
"သားအဖေက ပြည်သူတွေကို ကယ်ရမယ်ပြောတယ်။ သားကလည်း ကယ်ချင်တယ်။ သားတို့ စက်လှေနဲ့လိုက်ကယ်ခဲ့တယ်" လို့ မောင်ပေါများက ပြောပါတယ်။
အဲဒီလိုနဲ့ စက်တပ်လှေရဲ့ရှေ့ဦးပိုင်းမှာရှိတဲ့ လူတယောက်ထိုင်စာနေရာမှာ အသက် ၅၀ အရွယ် ဖခင်ဖြစ်သူ ဦးမင်းနိုင်က စက်လှေအိမ်နားကပ်တဲ့အခါ၊ စက်လှေပြန်ထွက်တဲ့အခါတွေမှာ ကူညီပေးရင်း ရေတက်လာရာအိမ်တွေမှာ ကျန်နေတဲ့ ကလေး၊ လူကြီး၊ ဘိုးဘွားတွေ၊ ရေဘေးခံစားနေရသူတွေကို စတင်ကယ်ဆယ်ပါတော့တယ်။
ရေဘေးလွတ်ရာရောက်နေတဲ့ ရွာသူရွာသားတွေကလည်း ရွာရဲ့ဘယ်အပိုင်းမှာ၊ ဘယ်သူ့အိမ်မှာ ကျန်နေခဲ့တာဘယ်နှစ်ယောက်ရှိတယ် စသဖြင့်ပြောဆိုကာ သူရဲ့စက်လှေနဲ့ ၂ ရက်နဲ့ ၁ မနက် ကယ်တင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ရွာမှာကျန်ခဲ့တဲ့ ဒေသခံ ၁၅၀ ကျော်ဟာ ပေါများတို့သားအဖ မကယ်ခဲ့ရင် ရေဘေးဒုက္ခနဲ့ကြုံကြရမှာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်
ကယ်ဆယ်ရေးလုပ်တဲ့ သုံးရက်မြောက် နေ့လယ်ပိုင်းမှာ ပေါများရဲ့စက်တပ်တံငါလှေအဟောင်းဟာ ဝမ်းဗိုက်မလုံဘဲ ရေဝင်တာများလာလို့ လှေရောအင်ဂျင်စက်ပါ ရေမြုပ်သွားခဲ့သေးတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။
ရွာသားတွေလည်း စက်လှေကို ဝိုင်းဝန်းဆယ်ယူကာ ဖာထေးကြပြန်တယ်။ ရေဝင်နေတဲ့ အင်ဂျင်စက်ကို ဖြုတ်ပြီး ရေပြန်ထုတ်တာ၊ ဆီတွေဖောက်ချတာနဲ့ ဆေးကြောသန့်စင်ပြီး ပြန်တပ်ဆင်တဲ့အခါမှာလည်း သူကိုယ်တိုင်လုပ်ကိုင်နေတဲ့ ပေါများကို မြင်တွေ့ခဲ့ရတယ်လို့ ဒေသခံက ဆက်ပြောပါတယ်။
စက်လှေပြင်ဆင်တဲ့အပိုင်းနဲ့ပတ်သက်ပြီး "သားစက်ပြင်တတ်တာ ၂ နှစ်လောက်ရှိပြီ။ စက်လှေမောင်းတာက ၃ နှစ်ရှိပြီ။ လှေလည်း လှော်တတ်တယ်။ သားအဖေက သင်ပေးတာပါ" လို့ မောင်ပေါများက ပြောပြတယ်။
သူ့လှေနဲ့အင်ဂျင် ပြန်ပြင်နေချိန်မှာတောင် ကယ်ရမယ့်သူတွေရှိနေတော့ တခြားစက်လှေတစီးနဲ့ သူတယောက်တည်း မောင်းနှင်လို့ ကယ်တင်လိုက်သေးတယ်။
စက်ပြင်တဲ့အနီးမှာရှိသူ ဒေသခံတွေကလည်း သူမောင်းရင် စက်လှေကငြိမ်နေတာ၊ ညင်သာတာ၊ သူ့ကိုပဲ အားကိုးနေရတာဆိုပြီး အောင်ချမ်းသာရွာသားတွေက ချီးမွမ်းပြောဆိုတဲ့အခါ ပေါများက ပြုံးပဲနေတတ်တယ်လို့ ပြောပါတယ်။
အခုကတော့ သူ့ကို မုန့်ဖိုးပေးသူ၊ အဝတ်အစားပေးသူ၊ မုန့်ပဲသွားရည်စာနဲ့ အချိုရည်တိုက်ကျွေးသူတွေ သူ့ရဲ့နာမည်နဲ့ လိုက်ဖက်အောင် ပေါများလို့နေပါပြီ။
ဒါပေမယ့် သူတို့မိသားစုရဲ့ တခုတည်းသော ရေလယ်ကျွန်းက အိမ်လေးကတော့ စစ်တောင်းမြစ်ရေနဲ့အတူ မျောပါပျက်စီးလို့ သွားပါပြီ။
နေအိမ်နဲ့အတူ အိမ်မှာမွေးထားတဲ့ ဆိတ် ၈ ကောင်ထဲက ၃ ကောင်ဟာလည်း စစ်တောင်းမြစ်ရေထဲ မျောပါသွားခဲ့ပါတယ်။ ကျန် ဆိတ် ၅ ကောင်ကတော့ ကံကောင်းထောက်မစွာနဲ့ သစ်ပင်ပေါ်မှာ တင်ကျန်ခဲ့လို့ အသက်ရှင်လျက် ကျန်ခဲ့ပါတယ်။
အဲဒီဆိတ်တွေဟာ ငါးဖမ်းလို့ရောင်းရတဲ့ငွေလေးတွေစုပြီး သူ့အဖေ ဝယ်ယူမွေးမြူထားတာပါ။
လက်ရှိမှာ ပေါများတို့ မိသားစုဟာ အဘွားဖြစ်သူပိုင်ဆိုင်တဲ့ အောင်သုခရွာက တဲအိမ်ကလေးမှာ ယာယီနေထိုင် နေကြရပါတယ်။
လက်ရှိမှာတော့ စစ်တောင်းမြစ်ရေကျဆင်းသွားပြီဖြစ်ရာ အောင်သုခရွာမှာလည်း ပြန်လည်ထူထောင်ရေးနဲ့ ပြုပြင်တဲ့လုပ်ငန်းတွေ ပြုလုပ်နေသလို ဒေသခံပြည်သူတွေ ပြန်လည်ရောက်ရှိ နေထိုင်နေကြပါပြီ။
ရေဘေးပြီးသွားပြီဆိုတော့ မူလတန်းကျောင်းပြန်တက်လို့ အားတဲ့အချိန်တွေမှာ မိခင်ရဲ့မီးဖိုချောင်အလုပ်တွေ ကူညီလုပ်ကိုင်ပေးသလို ဖခင်ဖြစ်သူရဲ့ တံငါလှေကလေးမှာ အဖေကကွန်ပစ်တဲ့အခါ သူက လှေရဲ့ပဲ့ကိုကိုင်လို့။
ရေဘေးကာလမှာ မွန်မြတ်တဲ့စိတ်ထားနဲ့ ကူညီဖေးမချင်တဲ့ စိတ်ဓာတ်ပိုင်ရှင် ကလေးတယောက်ရဲ့ လုပ်ရပ်တွေကို လူမှုကွန်ယက်စာမျက်နှာကတဆင့် တိုင်းလုံးပြည်ရွာအနှံ့ သိရှိပြီး ကူညီထောက်ပံ့ပေးသူတွေက တခုပြီးတခု။
အဲ့ဒီ ၁၂ နှစ်သားအရွယ် ကလေးငယ်တယောက်ကို ချီးကျူးဂုဏ်ပြုနေကြတာဟာ ငွေသား၊ ဖုန်း၊ အဝတ်အထည်တွေအပြင် သူတို့နေထိုင်ရာအိမ်ကို ပြန်ဆောက်ပေးမယ့်သူတွေ၊ သူရဲ့ပုံတူကို တမလန်းသားနဲ့ ပုံဖော်ထုဆစ်ဂုဏ်ပြုသူ၊ အထက်တန်းကျောင်းပြီးတဲ့အထိ ကျောင်းစရိတ် ထောက်ပံ့ပေးသူတွေက အိမ်တိုင်ရာရောက်ပေးအပ်ရင်း ပေါ်ထွက်လာခဲ့ပါပြီ။
ဒါ့အပြင် စက်လှေမောင်းနှင်ရတာကို ဝါသနာပါသလို စက်လှေမောင်းရင်ပျော်ရွှင်နေတဲ့သူ့အတွက် ဖိုက်ဘာ စက်တပ်လှေတစင်း ဝယ်ပေးမယ့် အလှူရှင်တွေပါ ပေါ်လာပါတယ်။
‘သားက လူတွေကို အကျိုးပြုပေးချင်တယ်’ ဆိုတဲ့ ပေါများရဲ့ ဆန္ဒနဲ့ဘဝတွေ ထပ်တူကြခဲ့ပါပြီ။ ရှေ့ဆက်ပြီးလည်း ဒုက္ခရောက်နေသူတွေကို အခါခွင့်သင့်တဲ့အခါ ကူညီမယ်လို့ သူက ဆုံးဖြတ်ထားပါတယ်။
#မြေလတ်အသံ
#ဆောင်းပါး #ရုပ်ပုံလွှာ #မောင်ပေါများ #ကယ်ဆယ်ရေး
Share Share Share