ပြည်သူတွေပျော်ရတဲ့ PDF ရံပုံငွေ မဲဖောက်ပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အခြေစိုက်တဲ့ စစ်ကိုင်းခရိုင်တပ်ရင်း ၂ - Myaung Union Army- 003 ရဲ့ "အညာမြေမှာစစ်ခွေးမောင်း ပြည်သူ့အားနဲ့အတူပူးပေါင်း" ကမ်ပိန်း ကံစမ်းမဲဖေါက်တဲ့ အစီအစဥ်ကို မတ်လ ၆ ရက်မနေ့က ဒေသခံပြည်သူတွေနဲ့အတူ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကမ်ပိန်းအစီအစဉ်ကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၃ ရက်မှာ ကျရောက်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၈ နှစ်မြောက်မွေးနေ့မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး၊ အထူးဆုကြီး စိန်နားကပ်စု၊ ပထမဆု iphone 14 (or) Honda Click၊ ဒုတိယဆု Vivo Y21၊ တတိယဆု Dennis Martin၊ စတုတ္ထဆု နွားတကောင်တို့ ပါဝင်ပြီး မဲပေါက်သူတွေကို မတ်လ ၆ ရက်မနေ့က ပြန်လည်ချီးမြှင့်ခဲ့တာလို့ Myaung Union Army - 003 တပ်ရင်းမှ ရဲဘော် ဂုမ္ဘာန်က ပြောပါတယ်။

ဒီကမ်းပိန်းကနေ မဲလက်မှတ်ရောင်းရငွေနဲ့ Myaung Union Army - 003 တပ်ရင်းအတွက် သယ်ယူရေးထောက်ပို့ယာဉ် ၂ စီးကို ဖြည့်ဆီးနိုင်ခဲ့ပြီး၊ တိုက်ခိုက်ရေးသုံး ဒရုန်း ဝယ်ယူနိုင်ဖို့ကိုလည်း ရသင့်သလောက် ရနေပြီဖြစ်ပေမယ့် လိုနေသေးတဲ့ ငွေကြေးအနည်းငယ်ကို ပြည်သူတွေဘက်က ပါဝင်ကူညီပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။

လက်ရှိမှာတော့ မြောင်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတာကြောင့် ကာကွယ်ရေးတပ်တွေနဲ့ နှစ်ဘက် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။


တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10