ပြည်သူ့စစ်ကိစ္စနဲ့ ဖခင်က သားကို ဓါးနဲ့ခုတ်သတ်၊ ပြည်သူ့စစ်မဲပေါက်သူရဲ့ ဇနီး မူးမေ့ပြီး ဆေးရုံရောက်

ပြည်သူ့စစ်ကိစ္စနဲ့ ဖခင်က သားကို ဓါးနဲ့ခုတ်သတ်၊ ပြည်သူ့စစ်မဲပေါက်သူရဲ့ ဇနီး မူးမေ့ပြီး ဆေးရုံရောက်

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်မှာ ပြည်သူ့စစ်(ပျူစောထီး)စုဆောင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖခင်က သားဖြစ်သူကို ဓားနဲ့ ခုတ်သတ်ခဲ့သလို ပြည်သူ့စစ်မဲပေါက်သူအမျိူးသား ၂ ဦးရဲ့ ဇနီးတို့လည်း မူးမေ့လဲကျကာ ဆေးရုံတင်ပြီး ဆေးကုလိုက်ရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

နတ်တလင်းမြို့နယ်၊ ရွှေကြာပင်အုပ်စု၊ အောင်ပင်သာရွာမှာ ဇန်နဝါရီ ၁၅ ရက် ညက အသက် ၆၀နှစ် အရွယ် ဖခင် ကိုဆွေက အသက် ၃၅ နှစ်အရွယ် သားဖြစ်သူ ဇင်မျိုးကို ဓားနဲ့ ခုတ်သတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

“ရွာလူကြီးတွေက ဇင်မျိုးကို ပြည်သူ့စစ်စာရင်းထဲထည့်ထားတာကို သူ့အဖေ(ကိုဆွေ)က စာရင်းပေးတာဆိုပြီး ဖအေကို မူးပြီးလိုက်ရမ်းနေလို့  ဖအေကစိတ်တိုပြီး လည်ပင်းခုတ်သတ်တာ။” လို့ ဒေသခံတဦးက ပြောပါတယ်။ 

အဲ့ဒီညမှာပဲ နယ်မြေအပိုင် တာပွန်မြို့ရဲစခန်းက ကိုဆွေကို ဖမ်းကာ သူ့သားအလောင်းကိုလည်း တာပွန်ဆေးရုံသယ်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက်က  ရွှေကြာပင်အုပ်စု၊ ရွှေကြာပင်ရွာမှာ ပြည်သူ့စစ်(ပျူစောထီး) မဲနှိုက်ချိန်မှာလည်း မဲပေါက်သူတွေဖြစ်တဲ့ အသက် ၃၀ ဝန်းကျင် ကိုအေးမင်းသန်းရဲ့ အမျိုးသမီး မနွယ်နွယ်ဝင်းနဲ့ ကိုငြိမ်းချမ်းရဲ့ အမျိုးသမီး မခင်သန်းနုတို့ မူးမေ့လဲကျခဲ့တာလို့ ဆိုပါတယ်။ 

“ပျူစောထီးမဲပေါက်တော့ သူတို့ မိန်းမတွေ မူးလဲကျကုန်တာ အခု မခင်သန်းနုက နတ်တလင်းဆေးရုံကနေ ခုထိမဆင်းရသေးဘူး။ ကျန်တဲ့တယောက်ကတော့ ရွာပြန်ရောက်နေပြီ“ လို့  ဒေသခံတဦးက ပြောပါတယ်။ 

မဲပေါက်သူတွေက စစ်သင်တန်း ၁၄ ရက်တက်ရမှာဖြစ်ပြီး ကျေးရွာကို ကာကွယ်ရဖို့ဖြစ်တယ်လို့ ရွာလူကြီးက ပြောပေမယ့် ဘယ်သူမှ ယုံကြည်မှုမရှိဘူးလို့ ဆိုပါတယ်။ 

“ကျေးရွာထဲမှာလည်း ပျူစောထီးကိစ္စနဲ့ပတ်သက်ပြီး မစားနိုင်မသောက်နိုင် ဖြစ်နေကြတယ်” လို့ သူက ဆက် ပြောပါတယ်။ 

ရွှေကြာပင်ရွာအတွင်း မဲနှိုက်ရာမှာ အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အထိ အမျိုးသားတွေပါဝင်တယ်လို့ ဆိုပါတယ်။

နတ်တလင်းမြို့ခံတဦးကလည်း နတ်တလင်းမြို့နယ်မှာ ပြည်သူ့စစ်(ပျူစောထီး) တပ်သားစုဆောင်းရန် ဇန်နဝါရီ ၅ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူကာ ညွှန်ကြားခဲ့တာဖြစ်ပြီး မြို့ပေါ် အုပ်ချုပ်ရေးမှူးတွေကတော့ စုဆောင်းမပေးနိုင်လို့ ည ၈ နာရီကျော် အိမ်ပြင်ထွက်သူတွေကို ဖမ်းဆီးပြီး ပြည်သူ့ စစ်ထဲထည့်ဖို့ အကြံပြုထားကြတယ်လို့ ဆိုပါတယ်။ 

နတ်တလင်းမြို့နယ်မှာ ရပ်ကွက် ၇ ခုနဲ့ ကျေးရွာအုပ်စု ၇၇ စုရှိပြီး စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ် မျိူးဆွေဝင်းရဲ့ ဇာတိမြို့လည်းဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #နတ်တလင်းမြို့ #ပြည်သူ့စစ် #ပျူစောထီး #ဓားခုတ် #ပြည်သစစ် #အမျိူးသား  #မူးမေ့လဲကျ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10