ပြည်သူ့စစ်တွေကိုသင်တန်းပေးတဲ့ ဒုတပ်ကြပ်ကို မုံရွာမြို့နယ်ပလဖ ဖမ်းဆီး

ပြည်သူ့စစ်တွေကိုသင်တန်းပေးတဲ့ ဒုတပ်ကြပ်ကို မုံရွာမြို့နယ်ပလဖ ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာ-အရာတော် လမ်းပိုင်းတနေရာမှာ မေ ၂၂ ရက် မနက် ၁၀ နာရီကျော်လောက်က စစ်ကောင်စီ ဒုတပ်ကြပ်တဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 

မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အဲဒီလမ်းပိုင်းမှာလုံခြုံရေးယူနေချိန် ခရီးသည်တင်ကားနဲ့လိုက်ပါလာတဲ့ ဒုတပ်ကြပ် စန်းချစ်နိုင် ကို စစ်ဆေးရာ သူ့ဖုန်းထဲမှာ စစ်သင်တန်းပေးတဲ့ပုံတွေကို တွေ့ပြီး ဖမ်းမိသွားတာလို့ ပလဖ ဒုတာဝန်ခံ ကိုသီဟကပြောပါတယ်။

"ကျနော်တို့ သတင်းရတာလည်းပါတယ်။ နောက်ပြီး ခရီးသည်တင်ကားတွေမှာ သူတို့ (စစ်ကောင်စီ) အရပ်သားအသွင်ယူပြီး သွားလာနေတာရှိတယ်။ ကျနော်တို့က မသင်္ကာတဲ့သူတွေဆို ဖုန်းတွေစစ်တယ်။ စစ်တဲ့အချိန်မှာ သူဖုန်းထဲကဖိုင်ထဲမှာဖွက်ထားတဲ့ **ယူနီဖောင်းနဲ့ပုံတွေ၊ သင်တန်းပေးတဲ့ ပုံတွေ တွေ့တယ် " လို့ ကိုသီဟကပြောပါတယ်။

ဒုတပ်ကြပ် စန်းချစ်နိုင်ဟာ မုံရွာ နမခ အနီး ထပရ ၉၂၉ (အမှတ် ၉၂၉ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း) မှာ ပြည်သူ့စစ်တွေကို သင်တန်းပေးနေတာလို့ ဆိုပါတယ်။

ဒါ့အပြင် ယခင်က ခမရ ၅၇၀ မှာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အဲ့ဒီကနေ စစ်မှုထမ်းသက် ၁၅ နှစ်မှာ ခွင့်မဲ့နဲ့ နေအိမ်ကိုပြန်နေခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ထပရ ၉၂၉ ထဲကို ပြန်ဝင်လာခဲ့တာလို့ ကိုသီဟ ကပြောပါတယ်။

" သူက အိမ်ကိုပြန်ချင်လို့ခွင့်တောင်းတာ မရတော့ ခွင့်မဲ့နဲ့ပြန်သွားတာ။ နောက်တော့ ဒီ ၂၀၂၄ လေးမှာ စစ်တပ်က ထွက်ထားတဲ့လူတွေ ပြန်ခေါ်တာကြားတော့ သူက ထပရ ၉၂၉ တပ်ထဲက ဗိုလ်ကြီး အောင်မျိုးသန့်နဲ့ ချိတ်ဆက်ပြီးတော့မှ ထပရ ၉၂၉ ကိုရောက်သွားတာ" လို့ ပြောပါတယ်။ 

လက်ရှိမှာတော့ ဒုတပ်ကြပ် စန်းချစ်နိုင်အောင်ကို မုံရွာနယ်အတွင်းက NUG လက်အောက်ခံ အကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး ဥပဒေအရအရေးယူမယ်လို့ ဆိုပါတယ်။ 

မေ ၁၉ ရက်ကလည်း မုံရွာမြို့သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ဖမ်းဆီးခံရမှုမှာ ပါဝင်ပတ်သက်တဲ့ ရဲအရာခံဗိုလ်တဦးကို မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က သွားရောက်ဖမ်းဆီးပြီး အထက်ပါ အကျဥ်းထောင်မှာပဲ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ဒုတပ်ကြပ် #ပြည်သူ့စစ် #သင်တန်းပေး #ဖမ်းဆီး #ပလဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10