ပြည်သူ့စစ်မဲပေါက်ပြီး မလိုက်လိုသူတွေကို အုပ်ချုပ်ရေးမှူးက ငွေ ၃ သိန်းတောင်း

ပြည်သူ့စစ်မဲပေါက်ပြီး မလိုက်လိုသူတွေကို အုပ်ချုပ်ရေးမှူးက ငွေ ၃ သိန်းတောင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ငဖြူကလေးအုပ်စုကကျေးရွာတွေမှာ ပြည်သူ့စစ် မဲပေါက်သူတွေကို သင်တန်းမလိုက်လိုပါက တဦးကိုငွေကျပ်သုံးသိန်းပေးရမယ်ဆိုပြီး အုပ်စုအုပ်ချုပ်ရေးမှူးက တောင်းနေတယ်လို့  မြို့ခံတဦးကပြောပါတယ်။

မေ ၁၆ ရက် ဒီညနေနောက်ဆုံးထားကာ ငွေပေးရမှာဖြစ်ပြီး ခုတခါငွေပေးပြီးရင် နောက်အသုတ်တွေမှာ ထပ်မံမဲနှိုက်ခွင့် ကင်းလွှတ်မှု ရှိမရှိကိုလည်း မသိရ‌သေးပါဘူး။ 

ငဖြူကလေးအုပ်စုထဲမှာ ပြည်သူ့စစ် ဒုတိယအသုတ်လိုက်ဖို့ မဲပေါက်ထားသူ ၂၀ ဦးရှိပြီး ငွေမပေးနိုင်တဲ့ မိသားစုဝင်တွေကလည်း စိတ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။ 

“ခု မဲပေါက်တဲ့ မိသားစုတွေထဲမှာ အများစုက လက်လုပ်လက်စားသမားတွေ ဖြစ်နေကြတော့ မိသားစုတွေ ငိုယိုသူတွေနဲ့ စိတ်ဒုက္ခတွေရောက်နေကြတယ်” လို့  အဲဒီမြို့ခံက ပြောပါတယ်။ 

ပထမအသုတ် ပြည်သူ့စစ်ခေါ်ချိန်ကလည်း ငဖြူကလေးအုပ်စုအတွင်း ပြည်သူ့စစ်ထဲလိုက်ဖို့  စာရင်းထွက်သူ ၁၄ ဦးကို တဦးလျှင် ကျပ်သုံးသိန်းနှစ်သောင်းစီ အဆိုပါအုပ်ချုပ်ရေးမှူးက တောင်းခဲ့တယ်လို့  ဆိုပါတယ်။

ငွေပေးခဲ့တဲ့ ပြည်သူ့စစ်မဲပေါက်သူတွေကိုချန်ထားပြီး ၎င်းတို့အလိုကျ စစ်သားနဲ့ရဲတွေကို အောက်ခြေသိမ်းအလုပ်လုပ်ပေးနေသူ တဦးနဲ့ ပျူစောထီးတဦးရဲ့ သားကို မဲမပေါက်ဘဲ ပြည်သူ့စစ်ထဲဝင်ခိုင်းခဲ့တယ်လို့သိရကြောင်း အထက်ပါဒေသခံက ပြောပါတယ်။

အဲ့ဒီနောက် သူတို့ ၂  ဦးကို တဦးလျှင် ကျပ်သိန်း  ၄၀ စီ ထောက်ပံ့ဖို့ဆိုကာ အုပ်ချုပ်ရေးမှူးက  ဦးဆောင်ပြီး ဒေသခံတွေဆီ ငွေထပ်ကောက်ခံခဲ့သေးတယ်လို့  ဆိုပါတယ်။ 

အလားတူ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဥက္ကံအုပ်စုနဲ့ ဘုကြီးအုပ်စုတို့မှာလည်း ပထမအကြိမ် ပြည်သူ့စစ်ခေါ်ယူချိန်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက ပြည်သူ့စစ်ထဲ မလိုက်လိုသူတွေကို တလလျှင် ကျပ်နှစ်သောင်းခွဲစီ လစဉ်ပေးဖို့ တောင်းယူခဲ့ကြသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပုံစာ - သာယာဝတီမြို့နယ်မှာ ပြည်သူ့စစ်မှုထမ်း လက်ကမ်းစာစောင်တွေဖြန့်ဝေနေစဥ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #သာယာဝတီ #ငဖြူကလေး #ပြည်သူ့စစ် #ငွေတောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10