သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့ အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို သာမန် ရာဇဝတ်အကျဉ်းသားတွေနဲ့ အတူတူ ပူးတွဲပေါင်းထားလိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်ကစတင်ကာ ပြောင်းလဲခဲ့တာလို့ သိရပြီး ဒါ့အပြင် ရာဇဝတ်ပြစ်မှုနှစ် ကြီးသမားတွေကို အုပ်ချုပ်ခိုင်းထားတယ်လို့ သိရပါတယ်။
“ပြီးခဲ့တဲ့ ၅ ရက်လောက်က စတယ်။ ရာဇဝတ်မှုတွေနဲ့ နိုင်ကျဉ်းတွေ ရောထားပြီး ရာဇဝတ်နှစ်ကြီးတွေကို အုပ်ချုပ်ခိုင်းနေတယ်။ ထောင်ပိုင်တွေနဲ့ ညှိနှိုင်းမယ်လို့တော့ ကြားတယ်။” လို့ နိုင်/ကျဉ်းတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ရာဇဝတ်အကျဉ်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တွဲထားပါက အနည်းဆုံး အောက်ထစ် စာရေးလို့မရတာ(စာရွက်၊ ခဲတံ၊ ဘောပင် မကိုင်ရ)၊ သန့်ရှင်းရေးလုပ်ဖို့ ခိုင်းခံရတာ (မိလ္လာခပ်တာမျိုး)၊ အမှိုက်ပစ်တာ၊ ပုံစံပေးတာ၊ စာအုပ်ဖတ်ခွင့်မရတာ၊ သတင်းကြည့်ခွင့်၊ နားထောင်ခွင့်မရတာတို့ ဖြစ်နိုင်ပြီး၊ ထောင်ဝင်စာပစ္စည်းတွေ ခေါင်းပုံဖြတ်ခံရတာနဲ့ ရာဇဝတ်နှစ်ကြီးသမားတွေရဲ့ ဥပဒေမဲ့ ရိုက်နှက်နှိပ်စက်တာတွေကိုလည်း ခံလာရနိုင်တယ်လို့ နိုင်/ကျဉ်းဟောင်းတွေက ပြောပါတယ်။
“ရတယ်၊ မရဘူးက သူတို့ပဲသတ်မှတ်တာဗျ။ တချို့က အဲ့လိုထားခံရတယ်။ သူတို့ကတော့ (စစ်ကောင်စီ) နိုင်ကျဉ်းမရှိလေကောင်းလေပေါ့။ တွဲထားလို့ရှိရင် နိုင်ကျဉ်းတွေရဲ့အခွင့်အရေး ဘာတခုမှမရဘူးဗျ။” လို့ အင်းစိန်ထောင်ထွက် နိုင်/ကျဉ်းတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်ကလည်း ပြည်အကျဉ်းထောင်က အမျိုးသမီးနိုင်/ကျဉ်း ၄ ဦးဟာ အကျဉ်းထောင်တွင်း ဖိနှိပ်မှုတွေကို ဆန့်ကျင်တောင်းဆိုခဲ့တဲ့အတွက် သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွေ့ခံလိုက်ရပါတယ်။
“အမျိုးသမီးတွေ ထောင်အပြောင်းအရွေ့ လုပ်ကြတော့ အဓိက စားဝတ်နေရေးပေါ့နော်၊ အခက်အခဲ ဖြစ်ကြတယ်။ အဲ့လို မလုပ်သင့်ဘူး၊ အကျဉ်းထောင်တည်ငြိမ်အောင် ထောင်အာဏာပိုင်တွေက စည်းရုံးရေးစွမ်းရည်နဲ့သာ အုပ်ချုပ်သင့်တယ်။ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူဆိုတာ ယုံကြည်ချက်ကြောင့်သာ လုပ်ကြသူတွေဖြစ်တယ်၊ မှားတာမှန်တာ တကိစ္စထားပေါ့နော်၊ အဲ့လိုလူတွေ မဖိနှိပ်သင့်ဘူးလို့ မြင်ပါတယ်။” လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသန့်ဇင်ထက် ကပြောပါတယ်။
အာဏာသိမ်းမှုခေတ်အဆက်ဆက် ယုံကြည်ချက်တခုခုကြောင့် အကျဉ်းချခံရတဲ့ အတိုက်အခိုက်အင်အားစုတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခေါ်ဝေါ်သုံးစွဲ သော်လည်း စစ်အုပ်ချုပ်ရေးနဲ့ စစ်အာဏာသိမ်းအုပ်စု အပါအဝင် အုပ်ချုပ်သူများက ရာဇဝတ်ပြစ်မှုတခုခုကို အကြောင်းပြကာ ပုဒ်မတပ် ဖမ်းဆီးအကျဉ်းချလေ့ရှိတယ်လို့ ရှေ့နေအသိုင်းဝန်းကပြောပါတယ်။
“ကိုယ်တွေက နိုင်/ကျဉ်း သတ်မှတ်ပေမဲ့ သူတို့က ရာဇဝတ်မှုနဲ့ စွဲထားတော့ ရာဇဝတ်သမားလို့ပဲ သတ်မှတ်ထားပါတယ်။ ဥပဒေမှာတော့ ခွဲထား တွဲထား မရှိပါဘူး။ နိုင်ငံရေးသမားတွေနဲ့ထားရင် ထောင်ဆူမှာစိုးလို့ စည်းရုံးရေးကောင်းသူ ကျော်ကြားသူတွေကို ခွဲထားလေ့ရှိပါတယ်” လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအလွန် စစ်ကောင်စီကို ဆန့်ကျင်ခဲ့ကြတဲ့ တော်လှန်ရေးအင်အားစုတွေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ - က နဲ့ စွဲဆိုမှုများပြားခဲ့သော်လည်း ၂၀၂၂ ခုနှစ်နောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သူများကိုတော့ အများအားဖြင့် ထောင်ဒဏ်နှစ်ရှည်၊ တသက်တကျွန်းနဲ့ သေဒဏ်တွေပါ ချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုဖွင့်တရားစွဲဆိုမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ရှေ့နေအသိုင်းအဝန်းက သိရပါတယ်။
#မြေလတ်အသံ
#ပဲခူးတိုင်း #ပြည် #အကျဉ်းထောင် #နိုင်ကျဉ်း #သယာဝတီအကျဉ်းထောင် #၅၀၅ -က #အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ
Share Share Share