ပြောင်းအထွက်တိုးပြီး ဈေးပိုရလို့ ပန်းတောင်းမြို့နယ်က ပြောင်းစိုက်တောင်သူတွေ အမြတ်ကျန်ဟုဆို

ပြောင်းအထွက်တိုးပြီး ဈေးပိုရလို့ ပန်းတောင်းမြို့နယ်က ပြောင်းစိုက်တောင်သူတွေ အမြတ်ကျန်ဟုဆို

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲက ပြောင်းစိုက်တောင်သူတွေဟာ ပြောင်းအထွက်တိုးပြီး၊ ပြောင်းဈေးကောင်းလို့ အခုနှစ်မှာ အမြတ်ကျန်ကြတယ်လို့ သိရပါတယ်။ 

ပန်းတောင်း၊ ထုံးဘို၊ ဥသျှစ်ပင်ဒေသမှာ ဇူလိုင်လအတွင်း စားပြောင်းပေါ်ပြီဖြစ်ရာ အခုနှစ်မှာ ဈေးကောင်းရသလို ပြောင်းလည်းအထွက်တိုးတာကြောင့် ပြောင်းစိုက်တောင်သူတွေ အမြတ်ကျန်ကြတယ်လို့ ပြောင်းစိုက် တောင်သူတွေက ပြောပါတယ်။ 

"အခုနှစ် စပေါ်ပြီလေ၊ စားပြောင်းပေါ့၊ အခုနှစ်တော့ စျေးလည်းကောင်းတယ်၊ အထွက်လည်းတိုးတော့ တောင်သူတွေအဆင်ပြေတာပေါ့" လို့ ထုံးဘိုပြောင်းစိုက်ဒေသခံတဦးက ပြောပါတယ်။

ထုံးဘိုနယ်၊ ဥသျှစ်ပင်၊ ပန်းတောင်းနယ်တို့မှာ အခုချိန်ဟာ စားပြောင်းပေါ်တဲ့ရာသီဖြစ်ပြီး ဇူလိုင်လကုန်ပိုင်းမှာတော့ အောင်လံ၊ နတ်တလင်းဘက်မှာ စားပြောင်းပေါ်ကြတယ်လို့ သိရပါတယ်။

ပြောင်းတွေကို ထုံးဘိုနယ်ဘက်မှာ တောင်ယာတွေနဲ့ တောင်ကုန်းတွေမှာ အများဆုံးစိုက်ပျိုးကြပြီး သကြားပြောင်း၊ နတ်ပြည်မွှေး၊ အဖြူ၊ အဝါ အစရှိတဲ့ ပြောင်းတွေကို စိုက်ပျိုးကြပါတယ်။

အရင်နှစ်က ပြောင်း တဖူးကို ၂၅၀ ကျပ်၊ ၃၀၀ ကျပ် ဝန်းကျင်ဈေးရပြီး ဒီနှစ်မှာတော့ ပြောင်းတဖူးကို ၃၅၀ ကျပ်၊ ၄၀၀ ကျပ်အထိ ဈေးရတယ်လို့ သိရပါတယ်။ 

အထွက်နှုန်းမှာလည်း အရင်နှစ်က ပြောင်းပင်တပင်ကို ပြောင်းဖူး ၃ ဖူး၊ ၄ ဖူးထွက်ရာမှ အခုနှစ်မှာ ပြောင်းပင်တပင်ကို ပြောင်းဖူး ၅ ဖူး၊ ၆ ဖူးအထိ ထွက်ပြီး ပြောင်းဖူးဝယ်သူတွေဟာ ပြောင်းခင်းတွေကို အခင်းပြတ်ဝယ်ယူကြတယ်လို့ ပြောင်းစိုက်တောင်သူတဦးက ပြောပါတယ်။ 

အရင်နှစ်တွေက ပြောင်းဖူးစိုက်ခင်းတဧကကို ခန့်မှန်းကုန်ကျစရိတ် ကျပ် ၁၀ သိန်းကျော်ရှိပြီး ပြန်ရောင်းရငွေမှာ တဧက အခင်းပြတ်အတွက် ကျပ် ၁၅ သိန်း၊ ၁၆ သိန်းကျော်ရရှိကာ အခုနှစ်မှာတော့ ပြောင်းဖူးစိုက်ခင်းတဧက ခန့်မှန်းစိုက်ပျိုးစရိတ် ကျပ် ၁၅ သိန်းကျော်ရှိပြီး တဧက ပြန်ရမငွေမှာ ကျပ်သိန်း ၂၀ ကျော်အထိ ရောင်းရတယ် လို့ ပြောင်းစိုက်တောင်သူထံက သိရပါတယ်။

မနှစ်ကပြောင်းဖူးပေါ်ရာသီတွေမှာ ပြောင်းဖူးအထွက်ဆုတ်တာ၊ စျေးနှုန်းမကောင်းတာကြောင့် ပြောင်းစိုက် တောင်သူတွေ အကျိုးအမြတ်နည်းခဲ့တယ်လို့ ပြောင်းစိုက်တောင်သူတွေက ပြောပါတယ်။ 

"ဒီမှာတော့ ပြန်ရောင်းနေကြတဲ့ပြောင်းဖူးသည်တွေက (တဖူး) ၅၀၀ ကျပ်နဲ့ ၆၀၀ ကျပ် ရောင်းနေကြတယ်။ အဲဒါအပြုတ်ပြီးသာပေါ့။ ကျနော်တို့ဆီမှာက (ဇူလိုင်)လကုန်ပြီမှာ ပေါ်မှာ" လို့ အောင်လံမှ ပြောင်းစိုက်တောင်သူတဦးက ပြောပါတယ်။

ပုံစာ- ထုံးဘိုမြို့က ပြောင်းဖူးရောင်းနေသူတဦး။ 

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပန်းတောင်မြို့ #ပြောင်းစိုက်တောင်သူ #ပြောင်းအထွက် #ထုံးဘို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10