ဖမ်းဆီးခံရတဲ့ အုပ်ချုပ်ရေးမှူးနေရာ ယာယီဝင်လုပ်တဲ့ ပျူစောထီးခေါင်းဆောင် ရက်ပိုင်းအတွင်း ရှင်းလင်းခံရ

ဖမ်းဆီးခံရတဲ့ အုပ်ချုပ်ရေးမှူးနေရာ ယာယီဝင်လုပ်တဲ့ ပျူစောထီးခေါင်းဆောင် ရက်ပိုင်းအတွင်း ရှင်းလင်းခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီကဖမ်းဆီးသွားတဲ့ အုပ်ချုပ်ရေးမှူးနေရာမှာ ယာယီဝင်လုပ်နေတဲ့ ပျူစောထီးခေါင်းဆောင်ဆိုသူကို သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့  မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ရှင်းလင်းခံရသူဟာ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအစပ်ရှိ စမ်းဘုတ်ရွာသား အသက် ၅၀ အရွယ် ကိုတင်ဦးဖြစ်ပြီး စမ်းတောင်ကွေ့ရွာထိပ်မှာ ဒီဇင်ဘာ ၁၉ ရက်မနေ့ည ၇ နာရီလောက်က သေနတ်နဲ့ သုံးချက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

“သူ(ကိုတင်ဦး)က စမ်းတောင်ကွေ့ရွာထိပ်မှာ ဆိုင်ကယ်နဲ့ ရပ်နေတာကို ကျနော်တို့က မထင်မှတ်ဘဲ တွေ့လို့ ရှင်းခဲ့တာ။ ဘယ်တွေကို မှန်လဲတော့ မသိဘူး။ ပွဲချင်းပြီးသေတာ" လို့ မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မိုးထက်က ပြောပါတယ်။ 

ဒီဇင်ဘာ ၈ ရက်မှာ စမ်းဘုတ်ရွာနယ်မြေရဲကင်းဂိတ် တိုက်ခိုက်ခံရပြီးနောက် ဒီဇင်ဘာ ၁၀ ရက်မှာ စမ်းဘုတ်ရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးရခိုင်ကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တာကြောင့် သူ့နေရာမှာ ဦးတင်ဦးက ယာယီအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူလုပ်ဆောင်နေရတာလည်း ဖြစ်ပါတယ်။

ကိုတင်ဦးဟာ ပဲခူးရိုးမထဲက သစ်တွေကို ခိုးထုတ်ယူတဲ့ သူတွေဆီကနေ လိုင်းကြေးယူတာတွေအပြင် မင်းလှ PDF တွေရဲ့ သတင်းတွေကိုလည်း စစ်တပ်ကို ထောက်လှမ်းပေးနေသူဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၉ ရက်မနက် ၈ နာရီလောက်ကလည်း မင်းလှမြို့နယ်နဲ့ နယ်မြေထိစပ်နေတဲ့ မိုးညိုမြို့နယ်၊ ဖန်ခါးပင်အုပ်စုက စစ်ကောင်စီသတင်းပေးဆိုသူ ကိုကရင် ကိုလည်း ရွှေတောင်မြို့နယ်၊ ဆိပ်ကြီးရွာလယ်မှာ လက်နက်ကိုင်တဖွဲ့ကက သေနတ်နဲ့ပစ်ခတ်လို့ ပြင်းထန်ဒဏ်ရာရပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပုံစာ - သေဆုံးနေသည့် ကိုတင်ဦးအလောင်း။


စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မင်းလှ #အုပ်ချုပ်ရေးမှူး #ရှင်းလင်းခံရ #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10