ဖမ်းဆီးခံရွာသားတွေထဲက ၁ ဦးကို စစ်တပ်ကပစ်သတ်ပြီး ၂ ဦးပြန်လွှတ်

ဖမ်းဆီးခံရွာသားတွေထဲက ၁ ဦးကို စစ်တပ်ကပစ်သတ်ပြီး ၂ ဦးပြန်လွှတ်

မကွေးတိုင်း၊ မြိုင်မြို့နယ်အရှေ့တောင်ဘက်ရှိ ကန်ကြီးရိုးရွာထဲက ဒေသခံ ၈ ဦးကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ ဓားစားခံအဖြစ်ဖမ်းခေါ်သွားပြီးနောက် အဲ့ဒီထဲက အမျိုးသားတဦးကို လမ်းမှာပစ်သတ်ခဲ့တယ်လို့ Anyar Myay Guerrilla Force Myaing တပ်ဖွဲ့ဆီက သိရပါတယ်။ 

အသတ်ခံရသူမှာ အသက် ၅၂ နှစ်အရွယ် ဦးသိန်းလွင်ဖြစ်ပြီး စက်တင်ဘာ ၁၁ ရက် မနေ့ မနက် ၇ နာရီလောက်က ညောင်ညိုတောရွာအရှေ့ဘက်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။ 

“သူအသတ်ခံရတဲ့သတင်းကို သူတို့နဲ့အတူ အဖမ်းခံလိုက်ရတဲ့ အေးကုန်းရွာသား ၂ ယောက်က ပြန်ပြောလို့သိရတာ။ သူတို့  ၂ ယောက်လည်း အရိုက်ခံထားရတာ ဖူးယောင်နေတာပဲ။ မနေ့က သူတို့ ၂ ယောက်ကိုတော့ စစ်**တွေက ပြန်လွှတ်ပေးလိုက်တယ်” လို့ Anyar Myay Guerrilla Force Myaing တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ပြန်လွတ်လာတဲ့ အေးကုန်းရွာသား ၂ ဦးဟာ စက်တင်ဘာ ၁၀ ရက်က ကန်ကြီးရိုးရွာဘက်ကို စျေးလာရောင်းချိန် စစ်ကြောင်းနဲ့တိုး ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဦးသိန်းလွင် အသတ်ခံရပြီးနောက်မှ ပြန်လွတ်လာတာလည်း ဖြစ်ပါတယ်။ 

ဦးသိန်းလွင်ဟာ အဖမ်းခံထားရစဥ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ အိတ်တွေကို မလွယ်နိုင်တော့ဘူးလို့ ပြန်ပြောတဲ့အတွက် စစ်သားတွေက သေနတ်နဲ့ပစ်သတ်လိုက်ကြတာလို့ ပြန်လွတ်လာသူ ၂ ဦးရဲ့ ပြောပြချက်ကို ကိုးကားပြီး Anyar Myay Guerrilla Force Myaing တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

အလောင်းကို စက်တင်ဘာ ၁၂ ရက်ဒီမနက်ပိုင်းက ကန်ကြီးရိုးရွာနဲ့ တမိုင်ကျော်လောက်ဝေးတဲ့ ညောင်ညိုတောရွာအရှေ့ဘက်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ဒီနေ့လယ်ပိုင်းမှာပဲ သင်္ဂြိုဟ်လိုက်ပြီလို့ ဆိုပါတယ်။ 

ဦးသိန်းလွင်ကိုပစ်သတ်ပြီးနောက် အဲ့ဒီစစ်ကြောင်းဟာ ကျန်ရှိနေတဲ့ ကန်ကြီးရိုးရွာက ဓားစားခံ ၇ ဦးနဲ့အတူ မြိုင်မြို့နယ်၊ သင်းပေါင်းကန်ရွာထဲကိုဝင်သွားခဲ့ပြီး အဲ့ဒီရွာက ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ၅ မိနစ်လောက် ထိတွေ့မှုဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။ 

“ရွာထဲမှာ  တညအိပ်သွားတယ်။ ဒီနေ့မနက် ကျနော်တို့လည်းရွာထဲဝင်ပြီး ရှင်းလင်းရေးလုပ်နေတုန်း။ ဘာတွေ ထပ်ပါသွားသေးလဲ ဆိုတာတော့ တိတိကျကျမသိရသေးဘူး။ ကျနော်တို့ ကားတွေ၊ ဆိုင်ကယ်တွေကတော့ မီးရှို့ခံရလိုက်တယ်။ အခြားပစ္စည်းတွေ အပါအဝင်ဆို ငွေကြေးသိန်းတရာဖိုးလောက် ဆုံးရှုံးသွားတယ်”လို့ Anyar Myay Guerrilla Force (Myaing) အဖွဲ့ဝင်တဦးက ဆက်ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေအထိုင်ချထားတဲ့ စာသင်ကျောင်းကို ဝင်ရောက်မွှေနှောက်ပြီး စခန်းထဲမှာရှိတဲ့ ကား ၁ စီး၊ ဆိုင်ကယ် ၅ စီး ကို မီးရှို့ဖျက်ဆီးသွားသလို စားသောက်ကုန်နဲ့ အခြားပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။ 

အဲ့ဒီစစ်ကြောင်းဟာ စက်တင်ဘာလ ၁၀ ရက် မနက် ၆ နာရီလောက်မှာ ကန်ကြီးရိုးရွာတဝိုက်ကို ဝင်လာချိန် ဒေသခံပြည်သူတွေကို ကယ်ထုတ်နေတဲ့ နံ့သာမြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုမျိုးခိုင် (ခ) ဗိုလ်လင်းမြွေကိုပါ ပစ်သတ်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြိုင် #ကံကြီးရိုး #စစ်ကောင်စီ #ပစ်သတ် #ဓားစာခံ #အမျိုးသား #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10