ဖမ်းဆီးလာတဲ့ အမျိုးသားတဦးကို စစ်တပ်က လမ်းမှာပစ်သတ်

ဖမ်းဆီးလာတဲ့ အမျိုးသားတဦးကို စစ်တပ်က လမ်းမှာပစ်သတ်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွကျေးရွာကို ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေက ဓားစာခံအဖြစ်ဖမ်းခေါ်လာတဲ့ အမျိုးသားတဦးကို ဆားလင်းကန်ကျေးရွာနဲ့ သရက်ကွကျေးရွာ အကြားမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပခုက္ကူမြို့နယ်၊ မကျီးတန်းရွာက အသက် ၅၅ နှစ်အရွယ် ဦးဝင်းဌေး ကို စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၁ ရက်မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် စက်တင်ဘာလ ၄ ရက်မှာ သတ်ခဲ့တာပါ။  

“အဲ့ဒီစစ်ကြောင်းက ပခုက္ကူနယ်ကနေလာတဲ့ စစ်ကြောင်း။ ပျူရွာတွေကို ရိက္ခာလိုက်ပို့နေတာပါ။ ဦးဝင်းဌေးရဲ့ မိသားစုဝင်တွေဆီကိုတော့ ဆက်သွယ်ပေးပြီးပါပြီ။ သူတို့လာဖို့ အဆင်မပြေလို့ ကျနော်တို့ပဲ မနေ့က (စက်တင်ဘာ ၅)ညနေ ၅ နာရီလောက်မှာ အဆင်ပြေတဲ့နေရာတခုမှာ သင်္ဂြိုဟ်ပေးလိုက်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ 

ဦးဝင်းဌေးရဲ့အလောင်းကို ဒေသခံကာကွယ်ရေးတပ်တွေ မနေ့က နယ်မြေရှင်းလင်းချိန်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး အလောင်းပြန်တွေ့ချိန်မှာလည်း ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ လက်မောင်းပွန်းပဲ့ဒဏ်ရာ၊ ပေါင်ပွန်းပဲ့ဒဏ်ရာ၊ ခြေဖမိုးအထက် ပွန်းပဲ့ဒဏ်ရာတွေ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်ကလည်း  မြိုင်မြို့နယ်တောင်ပိုင်း၊ ပန်းတိုင်းတော(အနောက်)ရွာထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၃၇ နှစ်အရွယ် ကိုနေအောင်ကိုသတ်ခဲ့ပြီး ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ရဲ့ ကားတစီးနဲ့ ဆိုင်ကယ်တစီးကိုပါ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

စာတည်း - လင်း

#မြေလတ်အသံ 

#မကွေး #မြိုင် #ဒေသခံ #စစ်ကောင်စီ #ဓားစာခံ #ဖမ်းဆီး #သတ်ဖြတ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10