ဖဲဝိုင်းတိုက်ခိုက်ခံရလို့ ပျူစောထီးနဲ့ လုံခြုံရေးစစ်သားအပါ ၅ ဦးသေဆုံး (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က စစ်တပ်နဲ့ ပျူစောထီးခေါင်းဆောင်တွေလုပ်နေတဲ့ ဖဲဝိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို တာဝန်ခံဗိုလ်တောက်တဲ့က ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ ပျူစောထီးခေါင်းဆောင်နဲ့ စစ်သား ၁ ဦးအပါ ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အုတ်ဖိုမြို့နယ် မြောင်ကျေးရွာက အိမ်တအိမ်မှာဖဲရိုက်နေတာကို ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၂ နာရီလောက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြောင်ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်ပြီး ပျူစောထီးခေါင်းဆောင်လည်းဖြစ်တဲ့ ကိုကျော်ကိုကိုအပါ ပျူစောထီး ၄ ဦးနဲ့ စစ်သား၁ ဦးသေဆုံးခဲ့တာပါ။ တိုက်ခိုက်မှုဟာ  ၁၀ မိနစ်လောက်သာကြာမြင့်ပြီး  နေအိမ်အတွင်း ရှင်းလင်းရှာဖွေချိန်ကလည်း  ၅ မိနစ်လောက်သာကြာမြင့်တယ်လို့ ဗိုလ်တောက်တဲ့က ပြောပါတယ်။ 

လောင်းကစားဝိုင်းကနေ လက်လုပ်သေနတ်၂ လက်၊ လက်ပစ်ဗုံး၂ လုံး၊ မိုလ်ဘိုင်းဖုန်း ၃ လုံး၊ ငွေကျပ် ၇၈,၀၀၀၊ စစ်ယူနီဖောင်း ၈ စုံ၊ မှတ်ပုံတင် ၁ ခုနဲ့ စာရွက်စာတမ်း တချို့ သိမ်းဆည်းနိုင်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုမှာ စစ်အုပ်စုကဘက်က ပြန်လှန်တိုက်ခိုက်တာမျိူး မရှိခဲ့သလို ကျန်တဲ့ကျေးရွာသားတွေလည်း ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်ညနေကလည်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ဟာ အုတ်ဖိုမြို့နယ်ဝိုင်းအုပ်စုအပိုင် ရေတာကျေးရွာနဲ့ ကျေးပင်အင်းကျေးရွာကို အုပ်ချုပ်ရတဲ့ ပျူစောထီးခေါင်းဆောင် ကိုသန်းနိုင်နဲ့ ဇနီး မခင်ဌေးမြင့်တို့ကို သေနတ်နဲ့ ပစ်သတ်ပြီး နေအိမ်ကို ရှာဖွေခဲ့ရာ လက်ပစ်ဗုံး ၂ လုံး၊ အီနာဂါ ၁ လုံး၊ အီနာဂါ ပို့ကျည် ၁ လုံး၊ ၅.၅၆ ကျည် ၆ တောင့်နဲ့ စကားပြောစက် ၁ လုံးတို့ သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံသတင်း #ပဲခူးတိုင်းအနောက်ခြမ်း #အုတ်ဖို #သာယာဝတီ #ဖဲဝိုင်း #လောင်းကစား #ပျူစောထီး #စစ်ကောင်စီ #တိုက်ခိုက်ခံရ #နွေဦးတော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10