သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ ဟိန္ဒူဘုရားကျောင်းပေါ်ကို ဒီဇင်ဘာ ၃၁ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာ စစ်ကောင်စီဘက်ကဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသား ၇ ဦးသေဆုံးပြီး ထိခိုက်သူတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇေယျာဝတီမြို့အရှေ့ဘက်၊ အမဲခေါင်ကျေးရွာအုပ်စု၊ ရမ်းနဂါးကျေးရွာမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းပေါ်ကို ဒရုန်း ၂ စီးနဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ဟိန္ဒူဘုရားကျောင်းတွင်းမှာရှိတဲ့ အမျိုးသား ၇ ဦးသေဆုံးပြီး ၄ ဦးထက်မနည်း ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ဟိန္ဒူတွေက တော်လှန်ရေးမှာပါဝင်တဲ့သူတွေက နည်းတယ်။ သူတို့က တမင်သက်သက်လုပ်တဲ့သဘော ဖြစ်နေတယ်။ ဘုရားကျောင်းပေါ်တည့်တည့်ကို လုပ်သွားတာ။ ကြဲတဲ့ရွာနဲ့ ၁ မိုင်ခွဲ ၂ မိုင်လောက် ဝေးတဲ့နေရာမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် အဲဒီကစစ်ရှောင်တွေက ဒီဘက်ကိုတက်လာကြတဲ့သူတွေလည်းရှိတယ်။ ဒဏ်ရာရတဲ့အထဲမှာ အဲ့ဒီကလူရော အပြင်ကလူရောပါတယ်။” လို့ ဖြူးမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူတွေဟာ Niyarlit ၄၅ နှစ်၊ Sunil ၃၅ နှစ်၊ Devdutt ၅၅ နှစ်၊ Nan Kumar ၄၅ နှစ်၊ Gauthinder ၃၂ နှစ်၊ Chhotelal ၃၅ နှစ်၊ ဇော်မျိုးဦး ၄၄ နှစ်တို့ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါဟိန္ဒူဘုရားကျောင်းဟာ လမ်းဆုံမှာရှိပြီး ဘုရားကျောင်းအနီးနားမှာလည်း စျေးဆိုင်တွေရှိတဲ့အတွက် စျေးဆိုင်နဲ့ဘုရားကျောင်းအနီးမှာ လာရောက်တိမ်းရှောင်တဲ့သူတွေလည်း ထိမှန်သွားတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
“သူကလမ်းဆုံခွ ဖြစ်တယ်။ လမ်းမှာ ဆိုင်ကယ်တွေ စက်ဘီးတွေ ရပ်ပြီးတော့နားတာ စျေးဝယ်ကြတာ စျေးဝယ်တဲ့သူတွေလည်းပါတယ်။ အခင်းဖြစ်တဲ့အချိန်မှာ ဆိုင်ကယ်က ၃၊ ၄ စီး စက်ဘီးက ၃ ၊၄ စီး အဲ့လောက်ရှိတယ်။ ဘုရားကျောင်းမှာ သန့်ရှင်းရေးလုပ်နေတဲ့လူတချို့ပါတယ်။ ထိခိုက်ဒဏ်ရာရတာက ၄ ယောက်ထက်များနိုင်တယ်။” လို့ သူကပြောပါတယ်။
ခုလို ဘုရားကျောင်းအပေါ် တိုက်ခိုက်မှုအပေါ်ကို ဘယ်တော့မှခွင့်လွှတ်မှာမဟုတ်သလို နောင်တချိန်ကျရင်လည်း အရေးယူဖြေရှင်းသွားမှာဖြစ်တယ်လို့ မြန်မာဟိန္ဒူယူနီယမ်အတွင်းရေးမှူးက ပြောပါတယ်။
“အခုလို လူနည်းစုတွေရဲ့ဘုရားကျောင်းတွေအပေါ်မှာ ဒါမျိုးလုပ်တာဟာ တော်တော်ကြီးကြီးမားမား လုပ်ရပ်တရပ် ဖြစ်တယ်။ ဒီအတွက် စကစကိုလည်း ကျနော်တို့ကဘယ်တော့မှလည်း ခွင့်လွှတ်သွားမှာ မဟုတ်သလို နောင်တချိန်လည်း ဒီဟာကိုအရေးယူဖြေရှင်းသွားမယ်။" လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်ကစလို့ ဖြူးမြို့နယ်၊ ကြူအင်းရွာအနီး ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်သားတွေ ထိတွေ့မှုဖြစ်ခဲ့ကာ လက်ရှိမှာတော့ ပစ်ခတ်မှုတွေငြိမ်နေပေမယ့် စစ်ရေးအခြေနေကတော့ တင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ဇန်နဝါရီ ၂ ရက်အထိ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့တဲ့ ပြည်သူစုစုပေါင်း ၆,၀၉၂ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ဖြူး #ဟိန္ဒူဘုရားကျောင်း #စစ်တပ် #ဗုံးကြဲ #ဘာသာရေး
Share Share Share