ဗိုလ်လောင်းဝင်ခွင့် အသက်ကန့်သတ်ချက် ထပ်မံဖြေလျှော့၊ လျှောက်ထားသူ နည်းတာကြောင့်လို့ဆို

ဗိုလ်လောင်းဝင်ခွင့် အသက်ကန့်သတ်ချက် ထပ်မံဖြေလျှော့၊ လျှောက်ထားသူ နည်းတာကြောင့်လို့ဆို

စစ်ကောင်စီတပ်လက်အောက် စစ်တက္ကသိုလ်တွေရဲ့ဗိုလ်လောင်းဝင်ခွင့်ကို ဒီကနေ့ ဇွန်လ ၁၄ ရက်ထုတ် သတင်းစာတွေမှာ စတင်ခေါ်ယူလိုက်ပြီး အသက်ကန့်သတ်ချက်ကို ၆ လ ထပ်မံဖြေလျှော့ကာ အသက် ၂၀ နှစ် အထိ တိုးမြှင့်ခေါ်ယူတာကို တွေ့ရပါတယ်။

ဇွန်လဆန်းပိုင်းက ထွက်ရှိတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်က ၂၀၂၄ အတွက် ဗိုလ်လောင်းခေါ်ယူမှုကို ဒီကနေ့မနက်မှာ ထုတ်ပြန်လာတာဖြစ်ပြီး အသက်ကန့်သတ်ချက်ကို “၂၀၂၅ ဇန်နဝါရီ ၁ ရက်နေ့တွင် အသက် ၁၇ နှစ်အောက်မငယ်ရ၊ ၂၀ နှစ်ထက် မကြီးရ” လို့ ဖော်ပြလာတာပါ။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ အတွက် ဗိုလ်လောင်းခေါ်ယူမှုမှာ အသက် ၁၈ နှစ် ၆ လ ကနေ ၂၀၂၃ အတွက် ဗိုလ်လောင်းခေါ်ယူမှုမှာ အသက် ၁၉ နှစ် ၆ လ အထိ ဖြေလျှော့သတ်မှတ်ခဲ့တာဖြစ်ပြီး ယခုနှစ်အတွက်ခေါ်ယူမှုမှာ ၆ လ ထပ်မံဖြေလျှော့ကာ ၂၀ နှစ်အထိ ခေါ်ယူလာတာပါ။

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်လက်အောက် စစ်တက္ကသိုလ်(DSA)၊ တပ်မတော်နည်းပညာတက္က သိုလ်(DSTA)၊ တပ်မတော်ဆေးတက္ကသိုလ် (DSMA)၊ တပ်မတော်သူနာပြုနဲ့ဆေးဘက်ပညာတက္ကသိုလ်(MINP) စတဲ့စစ်ဘက်တက္ကသိုလ်တွေကို ဝင်ရောက်လျှောက်ထားသူ ဆိုးရွားစွာနည်းပါးသွားတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

“ အာဏာမသိမ်းခင်က ၁၈ နှစ်ထက်မကြီးရပဲ သတ်မှတ်တာပေါ့။ အာဏာသိမ်းပြီးတော့ ကိုဗစ်နဲ့ အသက်တွေကျော်လို့ဆိုပြီး ၆ လတိုးပေးတယ်။ အဲ့ဒါလည်း မလျှောက်ကြဘူး။ အောက်ခြေတပ်သားတောင် စုလို့မရလို့ စစ်မှုထမ်းဥပဒေပြဌာန်းပြီး စစ်မှုမထမ်းမနေရနဲ့ ဝင်ခိုင်းနေတာ၊ အရာရှိပိုင်းကို စုဖို့ ပိုမလွယ်ဘူး” လို့ CDM တပ်မတော်သားတဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ဘက်တက္ကသိုလ်တွေမှာ လျှောက်ထားတက်ရောက်သူဟာ ဆယ်ဂဏန်းသာရှိတာကြောင့် အခြားအဆင့်သင်တန်းကျောင်းတွေက တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အသက်ပြည့်မီသူတပ်သားတွေကို စစ်ဘက်တက္ကသိုလ်တွေကို ပို့ဆောင့်တက်ရောက်ခိုင်းနေတယ်လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ တပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် နှစ်စဉ်တက္ကသိုလ်ဝင်တန်းအောင်စာရင်းထွက်ပြီးနောက် ဗိုလ်လောင်းများခေါ်ယူချိန်တွင် တပ်မိသားစုဝင်များအတွင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ သား/သမီးများကို စစ်ဘက်တက္ကသိုလ်တွေမှာ ဝင်ရောက်လျှောက်ထားဖို့ သက်ဆိုင်ရာတပ်ရင်း/တပ်ဖွဲ့တွေက ဖိအားပေးပြောဆိုတာတွေ ရှိတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

ပုံစာ - ၂၀၂၃ ဒီဇင်ဘာ ၈ ရက်က စစ်တက္ကသိုလ်အပတ်စဉ် ၆၅ သင်တန်းဆင်းပွဲကို တက်ရောက်ခဲ့သည့် စစ်ခေါင်းဆောင်နှင့် ယနေ့ထုတ်သတင်းစာမှ ဗိုလ်လောင်းဝင်ခွင့်ခေါ်ယူမှုများ။

#မြေလတ််အသံ

#စစ်ကောင်စီ #စစ်တက္ကသိုလ် #ဗိုလ်လောင်းသင်တန်း #အသက်ကန့်သတ်ချက် #ဖြေလျှော့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10