သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မင်းလှကျေးရွာတဝိုက် ပြင်းအားမြင့်စစ်လက်နက်ပေါက်ကွဲသံ၊ စက်သေနတ်ပစ်ခတ်သံများက ရုတ်တရက် ဗိုလ်ကျ လွှမ်းမိုးလိုက်သည်။ အချိန်က ၂၀၂၃ နိုဝင်ဘာလ ၁၀ ရက်။ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်။ ကြာမြင့်ချိန်က ၁၅ မိနစ်သာသာ။
စစ်ကောင်စီတိုက်ခိုက်ရေးရဟတ်ယာဉ်၏ တိုက်ခိုက်ခြင်းကို မင်းလှရွာသားများ နဖူးတွေ့ဒူးတွေ့ ကြုံခဲ့ရခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ ရဟက်ယာဥ်က ကျေးရွာရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းပေါ်ကို ပေါင် ၅၀၀ ဗုံးသီး (ခန့်မှန်းရ) ၂ လုံးကြဲချပြီး စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုနေ့သည် သောကြာနေ့ ကျောင်းဖွင့်ရက်ဖြစ်သည်။ ဆရာနှင့်ကျောင်းသား စုစုပေါင်း ၃၀၀ ဝန်းကျင်ရှိသည့် အထက်ပါ ပြည်သူ့အခြေပြုအထက်တန်းကျောင်း၌ အစည်းအဝေးရှိသည့် အတွက်ကြောင့် ကျောင်းကို ပုံမှန်ကျောင်းဆင်းချိန်ထက် နာရီဝက်စော၍ ဆင်းခဲ့သည်။ ထို့ကြောင့် လေယာဥ်နှင့်ပစ်ခတ်ချိန်တွင် ကျောင်း၌ မည်သူမျှ မရှိခဲ့ချေ။
“တကယ်လို့ စာသင်နေစဥ်အတွင်းမှာ ဖြစ်သွားမယ်ဆိုရင်တော့ အကုန်လုံးနီးပါးထိဖို့ ရာခိုင်နှုန်းများတာပေါ့။”ဟု ဒေသတွင်းတော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်သည့် Youths For Community အဖွဲ့ဝင် ကိုကောင်းကောင်း က မှတ်ချက်ပြုသည်။
အိမ်ခြေ ၃၀၀ ကျော် လူဦးရေ ၂,၀၀၀ ဝန်းကျင်ရှိသည့် မင်းလှကျေးရွာသည် စစ်ကိုင်းတိုင်း၊ မြောင်မြို့၏ အရှေ့တောင်ဘက် ၁၄ မိုင်အကွာတွင် တည်ရှိပြီး ဒေသတွင်းတော်လှန်ရေး အဖွဲ့အစည်းများ၏ ထိန်းချုပ်မှု ယန္တရားအောက်တွင်ရှိသည့် ဒေသဖြစ်သည်။
မင်းလှရွာသားများနှင့် ရင်းနှီးမှုရှိသည့် ကိုကောင်းကောင်းသည် တိုက်ခိုက်မှုဖြစ်သည့်နေ့က မင်းလှရွာအနီးရှိ ကျေးရွာတရွာတွင် ရောက်ရှိနေသည်။
တိုက်ခိုက်မှုပြီးနောက် မင်းလှရွာသို့သွားရောက်ခဲ့သည့်အတွက် ရွာသားများပြောပြသည့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကို အစအဆုံးသိရှိခဲ့ရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင်တချို့အပါအဝင် ဘုန်ကြီးကျောင်းဝန်းရှိ ၂ ထပ်ကျောင်းဆောင်နှင့် စေတီ ၁ ဆူ ပျက်စီးခဲ့သည်။ ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့။
လေကြောင်းရန်ကာကွယ်ရေးနှင့်ပက်သက်၍ ကြိုတင်ပြင်ဆင်မှု အားနည်းသည့် မင်းလှရွာသူ ရွာသားများသည် ထိုဖြစ်ရပ်ပြီးသည့်နောက်မှာတော့ ကျေးရွာအတွင်း ဗုံးခိုကျင်းများကို အလေးထားဆောက်လုပ်လာကြတော့သည်။
“လေကြောင်းတိုက်ခိုက်မှု မတိုင်ခင်ကတော့ ဗုံးခိုကျင်း ရွာမှာ မရှိဘူး။ ဒါပေမဲ့ တိုက်ခိုက်မှုဖြစ်ပြီး နောက်ပိုင်းမှာ ပြည်သူလူထုက ဗုံးခိုကျင်းတွေ ဘန်ကာတွေ၊ အိမ်တိုင်းအိမ်တိုင်းမှာ ဆောက်လုပ်လာတာတွေတော့ ရှိပါတယ်။” ဟု ပြောင်းလဲလာသည့် မင်းလှရွာအခြေအနေကို ကိုကောင်းကောင်းက ပြောသည်။
ဗုံးခိုကျင်းတကျင်းအတွက် ပျှမ်းမျှ ကျပ် ၃ သိန်းနှင့် ၃ သိန်းခွဲဝန်းကျင်ကုန်ကျပြီး အသုံးပြုသည့် သစ်၊ ကျောက်၊ သဲ စသည့်ပစ္စည်း အနည်းအများအပေါ် မူတည်၍လည်း ကုန်ကျစရိတ်ကွာခြားမှုရှိသည်။
ထို့အပြင် ကျင်းတူးရာတွင်အခက်အခဲမရှိသော်လည်း ကျင်းအပေါ်၌ဖုံးအုပ်ရမယ့် သစ်တုံးများကို ရှာဖွေရာတွင်တော့ အခက်အခဲရှိသည်။
“ကျနော်တို့ဘက်မှာ သစ်မာတွေက ရှားတယ်။ သစ်ပွတဲ့ အသားတွေကပဲပေါတော့ သစ်သားအခက်အခဲတွေရှိတယ်။” ဟု ကိုကောင်းကောင်းက ပြောသည်
လက်ရှိတွင် ကျေးရွာနေအိမ်၏ ၆၅ ရာခိုင်နှုန်းလောက်တွင် ဗုံးခိုကျင်းများ ဆောက်လုပ်ထားပြီဟု ကိုကောင်းကောင်းက ပြောသည်။
ဗုံးခိုကျင်းမဆောက်ရသေးသည့် ရာခိုင်နှုန်းမှာလည်း ခြံမြေနေရာကျဉ်းခြင်းနှင့် တိုက်အိမ်ဖြစ်နေခြင်းကြောင့်သာ ဗုံးခိုကျင်း မတူးနိုင်ခြင်းဖြစ်သော်လည်း ဗုံးခိုဘန်ကာများဆောက်လုပ်ထားကြသည်။ လူနေအိမ် ၂ လုံးလျှင် ဗုံးခိုကျင်း ၁ ကျင်းတော့ တူးထားကြသည်။
လေကြောင်းအန္တရာယ်က ကင်းဝေးနိုင်စေရန် ဗုံးခိုကျင်းများ ဆောက်ကြသည်မှာ မင်းလှကျေးရွာ တရွာတည်းတော့မဟုတ်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို မကြာခဏခံနေရသည့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများစုတွင်လည်း ဗုံးခိုကျင်းနှင့် ကတုတ်ကျင်းများကို ဆောက်လုပ်ထားကြသည်။
“အိမ်တိုင်းလိုလို ဗုံးခိုကျင်းတွေ တူးထားပြီးတော့မှ နေနေပါတယ်။ လေယာဥ်တိုက်ခိုက်နေတဲ့ အချိန်မှာတော့ ဗုံးခိုကျင်းထဲမှာပဲ ဝင်နေပြီးတော့မှ အကာအကွယ်ယူရတာပေါ့လေ။” ဟု ဖောင်းပြင်မြို့နယ်အတွင်းနေထိုင်သူ ဦးဖြူ (အမည်လွှဲ) က ပြောသည်။
စစ်ကိုင်းတိုင်း၊ ဖောင်ပြင်မြို့နယ်၊ အနောက်ခမိုင်းကျေးရွာသား ဦးဖြူတို့ရွာကို စစ်ကောင်စီက ၂၀၂၃ ဒီဇင်ဘာ ၁၆ ရက်တွင် လေယာဥ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
“ကျနော်တို့နဲ့ အနီးကပ်ဆုံးဖြစ် (ဗုံးကြဲချ) သွားတာပေါ့။ ရေထွက်မြောင်းထဲမှာ ပုန်းနေရတာ။ (လေယာဥ်က) ရုတ်တရက်ကြီးရောက်လာတာ။ ရှောင်ချိန် မရှိလိုက်ဘူး။” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်အဖြစ်ကို ဦးဖြူက ပြန်ပြောပြသည်။
ထိုတိုက်ခိုက်မှုအတွင်း အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးပြီး ၁၂ နှစ်အရွယ် မိန်းကလေးတဦး ဒဏ်ရာရကာ နေအိမ်အဆောက်အဦအချို့လည်း ထိခိုက်ပျက်စီးခဲ့သည်။
မြေပြင်စစ်ကြောင်းများတွင် အင်အားချိနဲ့လာသည့် စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုများကို အဓိကထား တိုက်ခိုက်လာပြီး စစ်ရေးပစ်မှတ်အပြင် အရပ်သား ပစ်မှတ်များကိုပါ ပေါ်ပေါ် ထင်ထင်တိုက်ခိုက်လာသည်။
စစ်အာဏာသိမ်းချိန် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ဒီဇင်ဘာ ၃၁ ရက်အထိ နိုင်ငံတဝှမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ် ၁,၆၅၂ ခုရှိခဲ့ပြီး အရပ်သားသေဆုံးသူ ၉၃၆ ဦးရှိကာ ၈၇၈ ဦးဒဏ်ရာရခဲ့သည်။
ထို့အပြင် ဆေးရုံဆေးခန်း၊ စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အအုံများအပါ စုစုပေါင်း နေအိမ် အဆောက်အဦ ၂၄၁ ခု ပျက်စီးခဲ့သည်ဟု ဥာဏ်လင်းသစ် သုသေနအဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်သည့် အစီရင်ခံစာများအရသိရသည်။
ယခုနှစ် ဇန်နဝါရီ ၇ ရက်၌ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပါတ်မြို့အနီးက ကနန်ကျေးရွာကို စစ်ကောင်စီက လေယာဥ်နှင့် ဗုံးကြဲတိုက်ခဲ့သည့်အတွက် အသက် ၃ နှစ်အောက် ကလေးငယ် ၄ ဦးအပါအဝင် အရပ်သား ၁၆ ဦးသေဆုံးခဲ့သည်။
ထို့နေ့ နံနက် ၇ နာရီခွဲဝန်းကျင်တွေ စစ်ကောင်စီက A5 လေယာဥ်အမျိုးအစားနှင့် ဗုံး ၅ လုံးနှင့်အထက်ကြဲချရာ ကျေးရွာအနောက်ပိုင်းရှိ စာသင်ကျောင်းနှင့် ဘုရားကျောင်းအနီးကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံများ ထိမှန် သေဆုံးခဲ့ရခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်အတွင်း၌လည်း လူပေါင်း ၁၇၀ ကျော်သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုသည် အထင်ရှားဆုံးဖြစ်သည်။
ပဇီကြီးကျေးရွာထိပ်ရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး ဖွင့်ပွဲပြုလုပ်နေချိန် စစ်ကောင်စီက Yak 130 တိုက်ခိုက်ရေး လေယာဥ် ၁ စီးဖြင့် ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့သည်။
ဗုံးကြဲပြီးနောက် နေ့လယ်ပိုင်းနှင့် ညနေပိုင်းမှာ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူများကို Mi 35 ရဟတ်ယာဥ် ဖြင့် အနီးကပ်ပစ်ခတ်မှုများ ထပ်မံလုပ်ဆောင်ခဲ့သည်။
အိမ်ခြေ ၂၃၀ ရှိသည့် ပဇီကြီးရွာကို စစ်ကောင်စီက တနေ့တည်း ၃ ကြိမ်တိုက်ခိုက်ခဲ့ရာ ကလေးသူငယ် ၃၈ ဦး၊ ကိုယ်ဝန်ဆောင်နှင့် အမျိုးသမီး ၂၅ ဦးအပါအဝင် အရပ်သား ၁၇၄ ဦးသေဆုံးခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်အတွင်း ၂၀၂၃ ခုနှစ်သည် မြန်မာနိုင်ငံတဝှမ်း လေကြောင်းတိုက်ခိုက်မှု အဆိုးဝါးဆုံးဖြစ်ခဲ့သည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ၂၀၂၄ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မင်းလှကျေးရွာ၌ဖြစ်ခဲ့သည့် ၁၅ မိနစ်ကြာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်က ၄ လဝန်းကျင်ကြာသည် အထိ ကျေးရွာသားများအပေါ် စိုးမိုးထားဆဲပင်။ နောက်တကြိမ်ကြုံလာမည်ကို စိုးရိမ်ထိတ်လန့် နေကြသည်။
စာသင်ကျောင်း၌ရှိနေသည့် ကလေးများမှာ လေယာဥ်သံကြားသည့်အခါ နီးစပ်ရာ ဆရာ၊ဆရာမများဆီ တိုးဝှေ့ပြေးကာ အားကိုးရှာသည်။ နေအိမ်တွင်ရှိပါက နီးစပ်ရာမိသားစုများဆီပြေးကာ ဖက်တွယ်ထားကြသည်။ တချို့လည်း ငိုကြသည်။ တချို့ကျ မတုန်မလှုပ်ငြိမ်သက်နေတတ်သည်။ လေယာဥ်သံ ဝေးသွားမှ သူတို့အဖို့ စိတ်သက်သာရာရသည်ဟု ကိုကောင်းကောင်းက ပြောပြသည်။
တိုက်ခိုက်မှုမဖြစ်ခင်အထိ မင်းလှကျေးရွာမှ ကလေးများမှာ ရဟတ်ယာဥ် ဖြတ်သန်းသွားသည့်အခါ သူ့ထက်ငါပြိုင် အပြေးအလွှား ကြည့်ကြသည်။ လေယာဥ်အမျိုးအစားများကို သူတို့ထင်ရာ ခန့်မှန်း ငြင်းခုန်ကြသည်။
“လက်ရှိအချိန်မှာတော့ အဲ့လိုကြည့်ဖို့မပြောနဲ့ လေယာဥ်သံကြားရင်ကို သူတို့ရဲ့ ခိုကိုးရာလိုက်ရှာပြီးတော့ နီးစပ်ရာလူကြီးတွေကို ပြေးဖက်ပြီး အကူညီယူတဲ့ သဘောလေးတွေ ရှိပါတယ်။” ဟု ကိုကောင်းကောင်းက ပြောသည်။
ထို့အတူ အသက်အရွယ်ကြီးသူများမှာလည်း လေယာဥ်ဖြတ်သွားသံ ကြားရုံဖြင့် လုပ်လက်စကိစ္စများကို ဘေးချိတ်ပြီး လုံခြုံသည့်နေရာကို ရှာဖွေပုန်းခိုကြသည်။
“လေကြောင်းတွေလာပြီဆိုရင်တော့ ကလေးတွေရော လူကြီးတွေရော အကုန်လုံးကြောက်လန့်ပြီး ပုန်းကျင်းတွေထဲ ဝပ်ရတယ်ဗျ။ စိတ်နဲ့ကိုယ်နဲ့ကို မကပ်လောက်အောင် ကြောက်ရပါတယ်”ဟု ဦးထွန်းနိုင်က ပြောသည်။
အသက် ၃၈ နှစ်အရွယ် ဦးထွန်နိုင်သည် ကန့်ဘလူမြို့နယ်၊ ကန်ကြီးကုန်းအရှေ့ရွာသားဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုကို ၁၀ ကြိမ်ထက်မနည်း ကြုံတွေ့ခဲ့ဖူးသည်။
တကြိမ်တွင် ကန်ကြီးကုန်းအရှေ့ရွာအနီးတောထဲ၌ ကျွဲ၊ နွားများကို မောင်းနေချိန် သူနှင့် မလှမ်းမကမ်းနေရာတခုကို လေယာဥ်နှင့် ဗုံးကြဲသည့်အတွက် သူ့တိရိစ္ဆာန်များကိုပင် သတိမမူနိုင်တော့ဘဲ ရောက်နေသည့်ကွင်းပြင်တွင် ချက်ချင်းဝပ်၍ အကာအကွယ်ယူခဲ့ရသည်ဟု ဦးထွန်းနိုင်က လေကြောင်းတိုက်ခိုက်မှုတချို့ကို မှတ်မိသလောက် ပြန်ပြောသည်။
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာသည့်အပေါ် အရပ်သားပြည်သူများ ထိခိုက်မှု နည်းပါးအောင် တဖက်တွင်လည်း ဒေသတွင်းတော်လှန်ရေးအဖွဲ့အစည်းများက လေကြောင်းရန် ကာကွယ်ရေးနှင့်ပတ်သက်သည့် ဟောပြောပွဲများ၊ သင်တန်းများကိုပြုလုပ်နေပြီး နေအိမ်တိုင်း ဗုံးခိုကျင်းများ တူးဖော်ကြဖို့ကိုလည်း အသိပေးလှုံ့ဆော်ထားသည်ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုဇော်ထွန်းက ပြောသည်။
“ပုလဲမြို့နယ်မှာက လေကြောင်းထပ်ကာထပ်ကာ တိုက်ခိုက်ခံရတဲ့ နေရာအများစုကတော့ ဗုံးခိုကျင်းရှိမှ ဖြစ်မယ် ဆိုတာကို သိကြပါတယ်။ ဗုံးခိုကျင်းတွေတူးတဲ့ ပမာဏလည်း တော်တော်များပါပြီ။” ဟု သူက ပြောသည်။
ထို့အပြင် ပုလဲမြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင်လည်း ဗုံးခိုကျင်းများပြုလုပ်ထားပြီး ဗုံးခိုကျင်း မပြုလုပ်ရသေးသည့် ကျောင်းများတွင် ကတုတ်ကျင်းနှင့် ပြေးလမ်းများကို ပြုလုပ်ထားသည်ဟု သူက ဆက်ပြောသည်။
ဒေသတွင်းတော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်သည့် Youths For Community (YFC)သည် တော်လှန်ရေးလှုပ်ရှားမှုများ၊ ထောက်ပံ့ကူညီရေးနှင့် အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်နေရာမှာ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ လေကြောင်းရန် ကာကွယ်ရေးနှင့် ပတ်သက်သည့် ဟောပြောပွဲများကိုလည်း လုပ်ဆောင်လျက်ရှိသည်။
လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် ပတ်သက်ပြီး YFC အဖွဲ့ဝင်တဦးဖြစ်သူ မအမရာက " စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာကို ပြန်လည် မခုခံနိုင်သေးဘူး။ ကြိုတင် ကာကွယ်လို့ရတဲ့ နည်းလမ်းတွေကို ပြည်သူလူထုသိရှိနားလည် ဘေးကင်းစေဖို့အတွက် လုပ်ရခြင်းဖြစ်ပါတယ်" ဟု ရှင်းပြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ - NUG၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကတော့ ပြီးခဲ့သည့် ၂၀၂၃ ဇန်နဝါရီ ၁ ရက်ကနေ ၂၀၂၃ ဒီဇင်ဘာ ၃၁ ရက်အထိ ၁ နှစ်တာကာလအတွင်း နိုင်ငံတဝှမ်း လေကြောင်းရန်နှင့်လက်နက်ကြီး အန္တရာယ်တို့မှ ကြိုတင်ကာကွယ်နိုင်ရန် ဗုံးခိုကျင်း ၇၃၀ ကျင်း တူးနိုင်ရန် ဆောင်ရွက်ပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
လက်ရှိ၌ လေကြောင်းတိုက်ခိုက်မှုကို မကြာခဏရင်ဆိုင်နေရသည့် ဒေသများတွင် ဗုံးခိုကျင်းများကို တူးထားကြပြီး လေကြောင်းတိုက်ခိုက်မှုနှင့် မကြုံရသေးသည့်ဒေသများတွင်တော့ ဗုံးခိုကျင်းများ တူးမထားကြတာကို တွေ့နေရသေးသည်ဟု စစ်ကိုင်းတိုင်းအတွင်းက ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
ထို့ကြောင့် စစ်ကောင်စီ၏လေကြောင်း တိုက်ခိုက်မှုကနေ ပြည်သူလူထုကို ထိခိုက်မှု အနည်းပါးဆုံးဖြစ်အောင် နိုင်ငံရေးဦးဆောင်သူများ၊ တော်လှန်ရေးဦးဆောင်သူများအနေဖြင့် လုပ်ဆောင်သင့်ကြောင်းကို ကိုကောင်းကောင်းက ယခုလို မှတ်ချက်ပြုသည်။
“စစ်ကိုစစ်ချည်းတိုက်လို့ မရဘူး။ ကျနော်တို့တွေ နောက်ကွယ်ကလည်း ပြည်သူလူထုရဲ့ ထိခိုက်မှု အကျအဆုံးနည်းအောင်တော့ ပြင်ဆင်ဖို့အတွက် အများကြီးလိုအပ်နေပါသေးတယ်။”
#မြေလတ်အသံ
#ဆောင်းပါး #စစ်တပ် #ပြည်သူ #လေကြောင်းတိုက်ခိုက်မှု #ဗုံးခိုကျင်း
Share Share Share